
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကနေ စစ်တွေကို လုံးတီးဆန်တွေ သယ်ဆောင်လာတဲ့ လှေငယ်တွေကို စစ်ကောင်စီရေတပ်က နိုဝင်ဘာ ၃၀ ရက်က ပစ်ခတ်တာကြောင့် လှေတစီးထိမှန်ကာ နစ်မြုပ်သွားတယ်လို့ ဒေသခံ လှေသမားတွေထံက သိရပါတယ်။
ပေါက်တောမြို့နယ်နေ ဒေသခံလှေသမားတဦးက “စစ်တွေမှာ ဆန်ရှာမရဘူးဆိုတော့ ပေါက်တောနယ်က စက်ငယ်နဲ့ထိုးပြီးသား ဆန်ကြမ်းတွေကို လှေငယ်တွေနဲ့ သယ်လာပြီး ရောင်းကြတာ။ အဲ့ဒီလှေငယ်တွေကို စစ်ကောင်စီ Navy က ပစ်ခတ်တာ။ မနေ့က လှေငယ်ထိမှန်ပြီး နစ်မြုပ်ခဲ့တယ်။ လှေသမားကတော့ ရေကူးပြီး လွတ်မြောက်တယ်”လို့ ပြောပါတယ်။
ရခိုင်မှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က စတင်ပြီး စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို အကန့်အသတ်မရှိ ပိတ်ထားခဲ့တာကြောင့် စားသောက်ကုန်ဈေးနှုန်းတွေ တနေ့ထက်တနေ့ မြင့်တက်လာခဲ့ပြီး ဆန်ဝယ်ယူမရတော့တဲ့အထိ ပြတ်လပ်မှုတွေ ရှိလာနေတာပါ။
စစ်တွေမြို့မှာ ဆန်ရှာမရတဲ့အတွက် မနေ့က လက်လုပ်လက်စားတွေနဲ့ အခြေခံလူတန်းစားတွေအတွက် စစ်တွေမြို့ရှိ အကယ်ဒမီဆန်ဆိုင်မှာ သီရိဒုံဆန်တအိတ်ကို ၈၀,၀၀၀ ကျပ်နဲ့ လည်းကောင်း၊ ရခိုင်ဆန်စပါးကုမ္ပဏီက စစ်တွေမြို့မစျေးကြီးအနီးမှာ သီရိဒုံဆန်တအိတ်ကို ၇၅,၀၀၀ ကျပ်နဲ့လည်းကောင်း ရောင်းချပေးခဲ့ပါတယ်။
ရခိုင်ဆန်စပါးကုမ္ပဏီ၊ စစ်တွေအသင်းက စားသုံးသူတွေကို ဒီဇင်ဘာ ၂ ရက်နေ့မှာ တိုက်ရိုက်ရောင်းချပေးသွားမှာဖြစ်ကြောင်း တာဝန်ရှိသူတွေထံက သိရပါတယ်။
ဘူးသီးတောင်မြို့မှာတော့ ဒီဇင်ဘာလ ၁ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ စာသင်ကျောင်းကိုပါ ထိမှန်လို့ ကျောင်းလွှတ်လိုက်ရတယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။
"ဘူးသီးတောင်မြို့ဝင်ဝက အလိုတော်ပြည့်ဘုန်းကြီးကျောင်းမှာ အထိုင်ချထားတဲ့ စစ်တပ်က ပစ်တာ။ လက်ကြီးနဲ့ လက်နက်ငယ်ပါ ပစ်နေတာ။ တိုက်ပွဲ ဖြစ်တာလည်း မရှိဘူး။ တစ်ဖက် သတ်ပစ်နေကြတာ။ မြို့ဝင်က မြို့သစ် အလက( ခွဲ)ကျောင်းမှာပါ ထိမှန်လာလို့ ကျောင်းလွှတ်ပေး လိုက်တာတွေတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မတွေ့ရဘူး။"
ပတ်ခတ်မှုတွေကြောင့် အနီးနားရှိ ကြက်ခြေနီရုံးထဲမှာ ဝန်ထမ်း ၄ ယောက်နဲ့ စေတနာ့ လုပ်အားရှင် ၄ ယောက် ပိတ်မိနေသလို WFP စားနပ်ရိက္ခာတင်တဲ့ ဝန်ထမ်းတွေလည်း ပိတ်မိနေတယ်လို့ ဝန်ထမ်းတဦးက ပြောပါတယ်။
"ပစ်နေကြတာ ဆူညံနေတာပဲ။ နာရီဝက်လောက်ပစ်ကြတယ်။ အခုတော့ နည်းနည်း အသံတိတ်သွားတယ်။ ဒါပေမဲ့ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ စစ်တပ်က ကား ၂ စီးတော့ ဘူးသီးတောင်မြို့ထဲဝင်သွားတယ်။"
ရခိုင်မှာ တကျော့ပြန်တိုက်ပွဲဖြစ်ပွါးတဲ့ နိုဝင်ဘာ ၁၃ ရက်ကစပြီး ဒီနေ့အထိ စစ်ကောင်စီတပ်တွေက ရခိုင်ပြည်နယ်အနှံ့ မြို့တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်နေတာ ဖြစ်ပါတယ်။











