DVB Logo
Home
မြန်မာသတင်း
စဥ့်ကိုင် လယ်သမားများကို ထောင်ဒဏ် ၈ လစီ အမိန့်ချမှတ်
DVB
·
August 19, 2014
စဥ့်ကိုင် လယ်သမားများကို ထောင်ဒဏ် ၈ လစီ အမိန့်ချမှတ်
Donate to DVB

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က တပ်သိမ်းမြေမှာ ထွန်တုံးတိုက်ပွဲ လုပ်ခဲ့တဲ့ တောင်သူတွေထဲက ၁၄ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ စဥ့်ကိုင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၈ လကနေ ၄ လစီ အသီးသီး အမိန့်ချမှတ်လိုက်ပါတယ်။

[caption id="attachment_62694" align="alignright" width="300"]စဥ့်ကိုင်မြို့နယ်တရားရုံးရှေု မြင်ကွင်း စဥ့်ကိုင်မြို့နယ်တရားရုံးရှေု မြင်ကွင်း[/caption]

စဥ့်ကိုင်မြို့နယ် ပုလိပ်၊ ရွာသစ်၊ ဆီဆုံနဲ့ တက်မျှော စတဲ့ရွာတွေ က တောင်သူ စုစုပေါင်း ၁၅ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ တရားစွဲဆိုထားတာမှာ ဒီနေ့မှာတော့ တောင် သူ ၁၄ ယောက်ကို စဥ့်ကိုင်မြို့နယ် တရားရုံး က ထောင်ဒဏ် ၈ လကနေ ၄ လစီ အမိန့်တွေချခဲ့တာပါ။

ဒီကနေ့ အမှုစီရင်ချက်ချမှတ်ရာမှာ ဒီလယ်သမား ၁၅ ယောက်ကို အမှုတွဲတွေ ခွဲပြီး စီရင်ခဲ့တာ ဖြစ်ပါတယ်။

ပထမအမှုတွဲအနေနဲ့ ပုလိပ်၊ ရွာသစ်နဲ့ ဆီဆုံစတဲ့ ရွာ ၅ ရွာက တောင်သူ ၁၀ ယောက်တွဲကို ပုဒ်မတူ အမှု ၂ ခုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၈ လ စီကျခံဖို့ အမိန့်ချမှတ်ခဲ့ တယ်လို့ လယ်သမားတွေရဲ့ ရှေ့နေ ဒေါ်သဲစုဝေက ပြောပါတယ်။

လယ်သမားတွေ ခုလို တရားစွဲဆိုခံရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ရွာသစ်ရွာက တောင်သူ ဦးစိုးဝင်းကလည်း အခုလိုရှင်းပြပါတယ်။

“၂၀၁၄ ထဲမှာ ၅ လပိုင်း ၁၆ ရက်နေ့ကစပြီး ထွန်တုံးတိုက်ပွဲလုပ်တယ်။ ၇ ရက်ဆိုတော့ ပုံမှန်မရှိဘူး။ ပထမရက်က ၃၀၀၊ နောက်ရက်က ၄၀၀၊ နောက်ရက် ၂၀၀ အဲလိုနဲ့ပဲ ၇ ရက်ပြည့်သွားတာ။ အဲဒီနောက် ပလပ်လယ်တွေမှာ ၀င်ရောက်လုပ်ကိုင်မယ်ဆိုပြီး တင်ထားတယ်။ ၇ ရက်အတွင်း ဖြေရှင်းပေးခြင်း၊ တားမြစ်ပေးခြင်းလည်း မရှိလို့ တောင်သူတွေက ကိုယ့်မြေကိုယ်ယာကို လုပ်နေကြတာ။”

နောက် အမှုတွဲအနေနဲ့ တက်မျှောကျေးရွာက လယ်သမား ၅ ယောက်ကိုတော့ စက်မှုဝန်ကြီးဌာန သိမ်းယူခဲ့တဲ့ မြေဧက ၁၀၀ ကျော်မှာ ၀င်ရောက်ထွန်ယက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက္ကူစက်ရုံမန်နေဂျာက တရားစွဲဆိုခဲ့ပြီး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၂ ယောက်ကို ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ရတာပါ။ လယ်သမားတဦးကိုတော့ သက်သေ မခိုင်လုံတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီလို အမိန့်ချမှတ်တာဟာ ဥပဒေကျင့်ထုံးနဲ့ မကိုက်ညီတဲ့အတွက် ကျောက်ဆည်ခရိုင် တရားရုံးကို အယူခံတင်ဖို့ ဒီနေ့ပဲ စတင်ဆောင်ရွက်နေပြီလို့ လယ်သမားတွေရဲ့ ရှေ့နေ ဒေါ် သဲစုဝေက ပြောပါတယ်။

ပုလိပ်၊ ရွာသစ်နဲ့ ဆီဆုံ စတဲ့ ရွာ ၅ ရွာက မြေဧက ၁၂၀၀ ကျော်ကို တိရစ္ဆာန်မွေးမြူုရေးနဲ့ ကုသရေးဌာနက ၁၉၈၂ ခုနှစ်တုန်းက သိမ်းယူခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဘက်စုံစီမံကိန်းအဖြစ် အသုံးပြုဖို့ လွှဲပြောင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ ပုဂ္ဂလိက ကုမ္ပဏီတွေကို ငှားရမ်းနေတဲ့ အတွက် ဒေသခံတွေက ပြီးခဲ့တဲ့ မေလမှာ လယ်မြေတွေပြန်ရရေးအတွက် ထွန်တုံးတိုက်ပွဲလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013