DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်ကိုသိမ်းပိုက်ရန် PDF ထိုးစစ်ဆင်၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်
DVB
·
November 30, 2023
ထီးချိုင့်ကိုသိမ်းပိုက်ရန် PDF ထိုးစစ်ဆင်၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့ကို သိမ်းယူဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ထိုးစစ်ဆင်နေတာကြောင့် စစ်ကောင်စီက ၂ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

ထီးချိုင့်မြို့ကို သိမ်းယူဖို့ PDF တွေက နိုဝင်ဘာ ၂၉ ရက် မနက်အစောပိုင်းမှာ စတင်ထိုးစစ်ဆင်ပြီး မြေပြင်စစ်ရေးအသာစီး ယူထားတာကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ နယ်မြေထိန်းဖို့ ကြိုးစားနေရတာပါ။

မြစ်ကြီးနားလေဆိပ်က တက်လာတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာတွေက နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထီးချိုင့်မြို့ကို ၅ ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃၀ ရက်မှာတော့ ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့ ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့တွေ သိမ်းယူပြီးနောက်ပိုင်း စစ်ကိုင်း-ကချင် နယ်စပ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။

ထီးချိုင့်မြို့ ၃ ပုံ ၂ ပုံဝန်းကျင်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးထားပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် ပြည်သူတွေ မြို့ထဲပြန်မဝင်ဖို့ PDF တွေက တားမြစ်ထားပါတယ်။

ထီးချိုင့် PDF ခေါင်းဆောင်တဦးက “အခြေအနေက လုံးဝကောင်းတယ်။ လုံးဝကောင်းတယ်ဆိုတာ သိမ်းရုံပဲကျန်တော့တာပေါ့။ ဒါပေမဲ့ မသိမ်းနိုင်သေးဘူး။ စစ်ဘေးရှောင်တွေ အနေအထားကတောာ့ သူတို့က ပေးမဝင်တာမဟုတ်ဘူး၊ ကျနော်တို့ဘက်က ပေးမဝင်တာ၊ အန္တရာယ်ရှိတာကြောင့်မို့။ ရွာတွေမှာ စုထားပြီးတော့မှ သူတို့သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို စာရင်းဇယားတွေ ကောက်ခိုင်းပြီးတော့မှ ထောက်ပံ့တာတွေတော့ ရှိတယ်။ မြို့ကတော့ ၃ပုံ ၂ ပုံလောက် ကုန်သွားပြီ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ တန့်ဆည်နယ်မြို့ပေါ် ဘောလုံးကွင်း စစ်ကောင်စီအထိုင်စခန်း၊ အထက ၁ အထိုင်စခန်းနဲ့ ပြည်သူ့ဆေးရုံမှာချထားတဲ့ အထိုင်စခန်းတွေကို ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်နေ့ ညပိုင်းမှာ နောက်ဆုံးလက်ကျန် မြို့မရဲစခန်းကို သိမ်းယူဖို့ PDF တွေက ကြိုးစားခဲ့ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့ တရက်လုံး စစ်ကောင်စီက လေကြောင်းပစ်ကူပေးခဲ့တာကြောင့် မြို့မရဲစခန်းကို မသိမ်းနိုင်ခဲ့ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ ဒေသခံ PDF အဖွဲ့ဝင်တယောက်က ပြောပါတယ်။

“စခန်းထဲဝင်စီးနိုင်တဲ့ အခြေအနေအထိပေါ့လေ။ နောက်ပြီး သူတို့ဝန်ထမ်းအိမ်ရာကို အပေါ်ဆုံးထပ်မှာ (--)တွေရှိတာပေါ့နော်။ အောက်ဆုံးထပ်မှာတော့ ကျနော်တို့ PDF တွေ။ အဲ့ဒီအချိန်မှာ လေကြောင်းကနေ တပ်ကူလာတာကနေ ပြန်ပြီးတော့ ဆုတ်ခဲ့ရတာပေါ့။ ကိုယ့်ဘက်က ၉၀ ရာခိုင်နှုန်းလောက် စီးမိရဲ့သားနဲ့ သူတို့ဘက်က အားသာချက်ကတော့ လေကြောင်းကြောင့်မို့ ကျနော်တို့ဘက်က မသိမ်းနိုင်ခဲ့တာပေါ့။ မနက်ခင်း ၆ နာရီထိုးပြီးတော့ တကြိမ်၊ အဲ့ဒါပြီးတော့ ဖိုက်တာတွေနဲ့ ပစ်တာကတော့ မြို့ပတ်ချာလှည့်ပြီး ပစ်နေတယ်ပေါ့။”

စစ်ကိုင်း-ချင်း-မကွေးနယ်စပ် ဂန့်ဂေါနယ်မှာတော့ PDF တွေက စခန်းတွေ ဆက်တိုက်သိမ်းနေတာကြောင့် နိုဝင်ဘာ ၂၈ ရက်နေ့မှာ အင်အားနည်းနေပြီဖြစ်တဲ့ ကန်ရဲစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံတွေဟာ ဂန့်ဂေါမြို့ပေါ်က ခလရ ၅၀ နဲ့ပူးပေါင်းဖို့ ဆုတ်ခွာနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“စခန်းကို သူတို့ ခလရ ၅၀ ဘက်ကို စုတာပေါ့ဗျာ။ ကန်ရဲစခန်းကဟာတွေကို စုပြီးတော့မှ မိသားစုတွေရော အကုန်ခေါ်ပြီးမှ ပြန်ဆုတ်သွားတာပေါ့၊ ခလရ ၅၀ ကို။ ပြန်ပြီးတော့ အခု သူတို့ ရောက်တောင်မရောက်သေးဘူး၊ ၂ ရက်လောက်နေမှ ရောက်မလားမသိဘူး။ ဖြည်းဖြည်းချင်းဆုတ်နေတာ။ ကျနော့်အထင်က မြောက်ဘက်က ကလေးတောင်နား စခန်းတွေက ၂ ခုလောက်ရှိပြီလေ သိမ်းသွားတာက။ ဂန့်ဂေါအနောက်တောင်ဘက် မင်းရွာရဲစခန်းရော အဲ့နားက စခန်းငယ်တွေရော သိမ်းသွားတာဆိုတော့ သူတို့အင်အားနည်းတဲ့ဟာ သိမ်းခံရမှာစိုးလို့ မြို့ပေါ်စုတယ်ထင်တာပဲ။ တပ်ဆုတ်ပြေးတာကတော့ တောင်ခင်ရန်းလည်း ဆုတ်ပြီးတော့ ပေါင်းသွားကြတာပဲ။ နှစ်ခုရှိပြီပေါ့။ တောင်ခင်ရန်းကြတော့ မြောက်ခင်ရန်းကို ပေါင်းသွားကြတာလေ၊ အင်အားများအောင်လို့၊ အဲ့မှာ စုပေါင်းနေကြတော့တာ။”

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့မှာ တနိုင်ငံလုံး စစ်ဆင်ရေးစမယ်လို့ ကြေညာပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။

စစ်ကောင်စီက လေကြောင်းပစ်ကူပေးနေသလို ရဟတ်ယာဉ်နဲ့ လက်နက်၊ လူအင်အား ထောက်ပို့တာတွေ ဆက်တိုက်ပြုလုပ်ပြီး မြို့တွေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013