DVB Logo
Home
Lead Story
ဗဟိုရဲ့အာဏာကို လျော့ချရုံနဲ့ ဖက်ဒရယ်ပြည်ထောင်စုမဖြစ်ဘူး- ဦးအေးသာအောင်
DVB
·
August 19, 2014
ဗဟိုရဲ့အာဏာကို လျော့ချရုံနဲ့ ဖက်ဒရယ်ပြည်ထောင်စုမဖြစ်ဘူး- ဦးအေးသာအောင်
Donate to DVB

တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဟာ ပြည်နယ်နဲ့ ပြည်ထောင်စုအကြား အာဏာခွဲဝေရေးဖြစ်ပြီး ဗဟိုက အာဏာကို လျော့ချရုံနဲ့ ဖက်ဒရယ်ပြည်ထောင်စုမဖြစ်ဘူးလို့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက အစိုးရက  ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကို အစိုးရက သဘောတူလက်ခံခဲ့ပါတယ်။ ဒီဖြစ်ထွန်းမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းစဉ်မှာ ဦးအေးသာအောင်က ဖြေဆိုခဲ့တာဖြစ်ပြီး နိုင်ငံရေးမူဘောင် ရေးဆွဲရေးမှာ ပါဝင်သင့်တဲ့ အစုအဖွဲ့ အရေအတွက်ကို အရင်ဆုံး ညှိနှိုင်းကြရမယ်လို့ ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ သြဂုတ် ၁၅၊ ၁၆၊ ၁၇ တွေ့ဆုံပွဲကနေ ဖက်ဒရယ်နဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ အငြင်းပွားနေရာက၊ ခွဲထွက်ရေးလို့ ပြောနေရာက  အစိုးရက ဖက်ဒရယ်ပြည်ထောင်စုဆိုတာကို ဆွေးနွေးဖို့ တရားဝင်သဘောတူခဲ့ပါတယ်။ အဲဒီဖြစ်ထွန်းမှုနဲ့ ပတ်သက်လို့ အန်ကယ့်အမြင်ကို ပြောပြပါ။

“၁၅၊ ၁၆၊ ၁၇ ပေါ့။ အန်စီစီတီနဲ့ ယူပီဒဗလျူစီတို့ တွေ့ဆုံပွဲကနေ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ Federal Army (ဖက်ဒရယ်တပ်မတော်) ဖွဲ့စည်းရေးကို သဘောတူတယ်ဆိုတဲ့ အခြေအနေနဲ့ပတ်သက်လို့ နောက်ထပ် ကျနော်တို့ ၁၈ ရက်နေ့မှာ နိုင်ငံရေးပါတီများ၊ အန်စီစီတီမှ တိုင်းရင်းသားခေါင်းဆောင်များ၊ ယူပီဒဗလျူစီမှ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနဲ့ တွေ့ဆုံပွဲမှာလည်း ဒီတိုင်းရင်းသားများရဲ့ အရေးသည် ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ စနစ်နဲ့ ဖွဲ့စည်းမှပဲ ဖြစ်မယ်၊ တိုင်းပြည်ရဲ့ နာတာရှည်ရောဂါကို ကုစားဖို့က ဆေးအဖြစ်နဲ့ တည်ဆောက်မှပဲ ရမယ်ဆိုတဲ့ အသံတွေဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်တွေကရော၊ နိုင်ငံရေးပါတီများက ခေါင်းဆောင်တွေကပါ အားလုံးတသံတည်းထွက်ပြီးတော့ ဆွေးနွေးတင်ပြတာကိုလည်း တွေ့ရတယ်။

u aye tar aung-1“အဲဒီတော့ ကျနော်ဒီမှာ ပြောချင်တာ က နှစ်ပေါင်း (၆၆) နှစ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း များ တော်လှန်တိုက်ပွဲ ၀င်နေကြတာဟာလည်း တိုက်ခိုက်ရေးကို အလွန်ဝါသနာပါလို့ မဟုတ်ဘူး။ ၁၉၄၇ ခုနှစ်က ပင်လုံမှာ သဘောတူခဲ့တဲ့ အခြေခံမူအရ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့နိုင်ငံ (၁) နိုင်ငံဖြစ်တယ်၊ ဖက်ဒရယ်မူ၊ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စုကို ဖွဲ့စည်းမှ ဖြစ်မယ်လို့ တိုင်းရင်းသားများက နိုင်ငံရေးအရ တော်းဆိုခဲ့တယ်။ နိုင်ငံရေးအရ တောင်းဆိုလို့ အဆင်မပြေတဲ့အခါ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲလာတာ နှစ်ပေါင်း (၆၆) နှစ်ကျော်ခဲ့ပြီ။ ဒီတော့ ဒီကနေ့ မြန်မာနိုင်ငံမှာ ဆင်းရဲတွင်းက ရုန်းထွက်ဖို့၊ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့၊ ဒီမိုကရေစီစနစ်ထွန်းကားဖို့ ကြိုးပမ်းနေတဲ့ကာလဖြစ်ပါတယ်။

"အဲဒီလို ဒီမိုကရေစီစနစ်ထွန်းကားဖို့၊ တိုင်းပြည် ဆင်းရဲတွင်းက ရုန်းထွက်ဖို့ဆိုရင် ပြည်တွင်းစစ်ကို ရပ်မှဖြစ်မယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်မှဖြစ်မယ်။ ပြည်တွင်းစစ်ကို ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက်လည်း ခေတ်အဆက်ဆက်မှာ ကြိုးပမ်းခဲ့တယ်။ မအောင်မြင်ဘူး။ ဘာကြောင့်လဲ နိုင်ငံရေးအရ မဖြေရှင်းနိုင်လို့။

“အဲတော့ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဖော်ဆောင်ဖို့ တခုတည်းသော နည်းလမ်းအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ကလွဲလို့ တခြားနည်းလမ်းမရှိဘူးဆိုတာ သေချာတယ်။ ဒါကြောင့် ဒီနေ့ အစိုးရဘက်ကရော၊ တပ်မတော် ခေါင်းဆောင်များဘက်ကရော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ကို သဘောတူလိုက်တာ ဖြစ်မယ်လို့ ပြောချင်ပါတယ်။"

အပစ်အခတ်ရပ်စဲရေးလုပ်ဖို့က ညှိဖို့ လေးငါးချက်လောက် ကျန်ခဲ့တယ်။ အပစ်အခတ်ရပ်စဲပြီးတဲ့အခါ နိုင်ငံရေးမူဘောင်တွေချမယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ်ဆိုတော့ ရှေ့လုပ်ငန်းစဉ်တွေမှာ ဘယ်သူတွေပါဝင်စေချင်သလဲ။ ဘာတွေ ဆွေးနွေးစေချင်သလဲ။

“ကျနော်တို့လေ့လာရသလောက်ဆိုရင် အချို့အဖွဲ့တခုက တင်ပြထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို အစုအဖွဲ့ (၃) ဖွဲ့နဲ့ တင်ပြတယ်။ တဖွဲ့ကတော့ လက်ရှိအစိုးရ၊ တပ်မတော် ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များက တစု၊ နောက်တိုင်းရင်းသားအဖွဲ့ဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီများက တစု၊ နောက်တစုက ဒီမိုကရေစီအင်အားစုလို့ပြောတဲ့ အင်အားစုများက တစု ဒီလို တွေ့ရတယ်။ နောက်တဖွဲ့က လေးဖွဲ့ပေါ့ (၄) စု၊ ခုနက အစိုးရနဲ့ ပါဝင်သင့်တဲ့အဖွဲ့က တဖွဲ့။ တိုင်းရင်းသားက တဖွဲ့၊ ဒီမိုကရေစီအင်အားစုက တဖွဲ့၊ နောက်တခါ civil society လို့ ခေါ်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းက တဖွဲ့  အဲလိုလည်း တွေ့ရပြန်တယ်။ နောက် တချို့ကလည်း ခြောက်ဖွဲ့ပေါ့ ပါဝင်သင့်တယ်လို့ တင်ပြတာလည်း တွေ့ရတယ်။

“အဲဒီတော့ ဒီမှာ ကျနော် ပြောချင်တာက ဒီလို အမျိုးမျိုးတင်ပြနေမယ့်အစား ဒီလို ပါဝင်သင့်တဲ့ အဖွဲ့တွေ အစုတွေထဲမှာ အဲလို ခွဲလိုက်တဲ့အခါမှာ နိုင်ငံရေးအရပဲ စဉ်းစားသင့်တယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ပြည်တွင်း စစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်ဖို့ ကြိုးပမ်နေတဲ့ဖြစ်စဉ်၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်မှာ တကယ်တော့ အဓိကဖြေရှင်းရမယ့်ပြဿ နာသည် တိုင်းရင်းသားများနဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ဖြစ်လာတဲ့ ပဋိပက္ခကို ဖြေရှင်းဖို့က အဓိကဖြစ်တယ်။ အဲဒီတော့ အဓိက တိုင်းရင်းသားများတောင်းဆိုနေတဲ့ စောစောကပြောတဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖို့၊ အမျိုးသားပြည်နယ်များနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းဖို့ဆိုတဲ့ နိုင်ငံရေးအရ ဖြေရှင်းဖို့က အဓိကဖြစ်တယ်။ အဲဒီအဓိကပြသနာကို အခြေခံပြီးစဉ်စားတဲ့အခါ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေကိုလည်း ဒီအပေါ်မှာ မူတည်ပြီးတော့ စဉ်းစာသင့်တယ်လို့ ကျနော်ပြောချင်တယ်။

“ကျနော် အကြံပြုထားတာက ဒီနေရာမှာ မူဘောင်ဟာ တခုတည်းပဲဖြစ်ဖို့ အရင်ဆုံးလုပ်ဖို့ လိုအပ်တယ်။ တခုတည်းဖြစ်လာတဲ့အခါကျမှ ကျနော်တို့က ဒါတွေပါသင့်တယ်၊ ဒါတွေ မပါသင့်ဘူး။ ဒါတွေကတော့ နိုင်ငံရေးဆွေးနွေးတဲ့အခါကျမှ ပါသင့်တယ်၊ ဒီအဖွဲ့တွေကတော့ တကယ့်အဆုံးအဖြတ်ပေးရမယ့် ကဏ္ဍမှာ မပါသင့်ဘူးဆိုတာတွေကို အကြံပေးဖို့ရှိပါတယ်။ အခုတော့ ကျနော်အကြံပေးထားတာက ခုနလို အမျိုးမျိုးဖြစ်နေတဲ့ မူဘောင်တွေကို တခုတည်းဖြစ်အောင် အရင်ဆုံး စုစည်းပြီးတော့ တင်ပြဖို့လိုမယ်၊ အဲဒီအခါကျမှ ကျနော်တို့က ဒါတွေကို စောစောက ပြောသလို ပါသင့်တာ၊ မပါသင့်တာ၊ အဓိကအဆုံးအဖြတ်ပေးရမယ့် ကဏ္ဍမှာ ပါသင့်တာတွေကိုလည်း အကြံပေးသွားဖို့ရှိပါတယ်။

“နောက်တခုက ဖက်ဒရယ်ကိုမူအားဖြင့် လက်ခံတယ်လို့ ဆိုပေမယ့် ဖက်ဒရယ်စနစ်မှာက အမျိုးမျိုးရှိတယ်လေ။ ဒါကြောင့် အမည်အားဖြင့် ဖက်ဒရယ်ကို လက်ခံရုံနဲ့ မဖြစ်ဘူး။ နောက်တခါ (Decentralization) ဆိုတဲ့ ဗဟိုရဲ့ အာဏာကို လျော့ချရုံနဲ့ ဖက်ဒရယ်ပြည်ထောင်စုမဖြစ်ဘူးဆိုတာကိုလည်း ကျနော် မနေ့က တင်ပြတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်မှာက အဓိက အာဏာခွဲဝေမှု ပြဿ နာပဲဖြစ်တယ်။ အာဏာကိုပြည်ထောင်စုနဲ့ ပြည်နယ်က ဘယ်လိုခွဲမလဲဆိုတဲ့ အဓိကပြဿ    နာက အရေးကြီးတယ်။ ဒီအခြေခံပေါ်မှာစဉ်းစားရမယ်။

"ပြည်နယ်က အာဏာတွေကို ဘယ်လောက်ယူပြီးတော့ ပြည်ထောင်စုကို ဘယ်လိုအာဏာတွေ ပေးမလဲဆိုတဲ့ ပြဿ   နာက အဓိကဖြစ်တယ်။ (Decentralization) ဗဟိုအာဏာကို လျှော့ချရုံနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်မဖြစ်ဘူး။ (Decentralization) ဗဟိုအာဏာကို လျှော့ချတယ်ဆိုတာက တပြည်ထောင်စနစ်မှာလည်း ဒီလိုလုပ်လို့ရတယ်။ အုပ်ချုပ်ရေးလွယ်ကူဖို့အတွက် တိုင်းတွေ၊ ခရိုင်တွေ၊ မြိုကြီးတွေကို သင့်တင့်လျောက်ပတ်တဲ့ အာဏာတွေကို ပေးပြီးတော့ အုပ်ချုပ်တဲ့စနစ်။ အဲဒီတော့   Centralization (အချုပ်အခြာ အာဏာတည်သော ဗဟိုအုပ်ချုပ်ရေးစနစ်) မှာက တိုင်းတွေ၊ ခရိုင်တွေ၊ မြို့ကြီးတွေကို ပေးထားတဲ့အာဏာသည် ဗဟိုကလာတာ၊ ဗဟိုက ဒီအာဏာတွေကို ရုပ်သိမ်းနိုင်တယ်၊ လျှော့ချနိုင်တယ်၊ တိုးမယ်ဆိုရင်လည်း တိုးနိုင်တယ်။

"ဖက်ဒရယ်ပြည်ထောင်စုနစ်ဆိုတာက ဒီလိုမဟုတ်ဘူး။ အာဏာကို ပြည်ထောင်စုနဲ့ ပြည်နယ်ခွဲယူတာ။ ပြည်ထောင်စုကို ဘယ်လိုအာဏာတွေ ပေးပြီးတော့ ပြည်နယ်တွေက ဘယ်လိုအာဏာတွေကို ယူရမယ်ဆိုတဲ့ စနစ်ဖြစ်တယ်။ ပြည်နယ်တွေက ရထားတဲ့ ဥပဒေပြုခွင့်အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာသည် ဗဟိုပြည်ထောင်စုကပေးတာမဟုတ်ဘူး။ ရသင့်ရထိုက်တဲ့ ဥပဒေကြောင်းအရ ရကြတာဖြစ်တယ်။ ဒီအာဏာတွေကို ပြည်ထော်စုကလွှမ်းမိုးလို့၊ စွက်ဖက်လို့ မရဘူး။ ပြန်လည်ရုပ်သိမ်းလို့လည်းမရဘူး။ ဒီလိုပြည်နယ်နဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံအရ သတ်သတ်မှတ်မှတ် ခွဲဝေကျင့်သုံးတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖက်ဒရယ်စနစ်ကို မူအားဖြင့်၊  အမည်အားဖြင့် လက်ခံတယ်ဆိုပေမယ့် ဒီလို အာဏာခွဲဝေရေးအပိုင်းတွေမှာ ဆွေးနွေးရမယ်၊ ဆွေးနွေးဖို့ ကျန်သေးတယ်ဆိုတာ ပြောချင်ပါတယ်။"

နိုင်ငံရေးမူဘောင်ဆွဲဖို့အတွက် အစိုးရက ရှစ်ပွင့်ဆိုင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သုံးပွင့်ဆိုင်၊ ပြည်တွင်းနိုင်ငံရေးပါတီတွေက ငါးပွင့်သို့မဟုတ် ခြောက်ပွင့်ဆိုင်ဆွေးနွေးကြမယ်ဆိုတာ တင်ပြထားကြတယ်။ အဲဒီလို အပွင့်တွေ ကွဲပြားနေမှုကြောင့် ကောင်းကျိုးဆိုးကျိုး ဘယ်လို မြင်ပါသလဲ။

“ကျနော်တို့ တိုင်းရင်းသားတွေဘက်က စိုးရိမ်စိတ်တွေရှိတာ ရှိပါတယ်။ ဒီနေ့ပြဿ   နာရဲ့ အရင်းခံသည် တိုင်းရင်းသားလူမျိုးများရဲ့ အမျိုးသားတန်းတူရေး၊ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီအခြေခံနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့  ဒါကို ဆွေးနွေးရမှာ။ နိုင်ငံရေးမူဘောင်ဆိုတာလည်းပဲ ဒီနိုင်ငံရေး အခြေခံပေါ်မှာ ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုနလို အစုအဖွဲ့တွေ (၄) ဖွဲ့၊ (၅) ဖွဲ့၊ (၆) ဖွဲ့၊ (၈) ဖွဲ့ဆိုတဲ့ဟာတွေကို ကျနော် တိုင်းရင်းသားတွေဘက်က စိုးရိမ်စိတ်ရှိပါတယ်။ ဥပမာ- ကျနော်တခုပြောမယ်၊ ဒီသဘောတူညီချက်တွေကို လွှတ်တော်မှာ အတည်ပြုရမယ်ဆိုတဲ့ အချက်တချက်ပေါ်မှာလည်း တိုင်းရင်းသားအဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က စိုးရိမ်စိတ်ရှိတယ်။

“ဘာကြောင့်လဲဆိုရင် လွှတ်တော်တွင်းမှာက ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်အများဆုံးရှိတယ်။ တပ်မတော်က (၂၅) ရာခိုင်နှုန်းရှိတဲ့အခါမှာ တိုင်းရင်းသားများ လိုလားတဲ့ တကယ် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့၊ အမျိုးသားတန်းတူရေးဖြစ်ဖို့ဆိုတဲ့ မူတွေကို လွှတ်တော်မှာ တင်လိုက်ရင် ဒီဆုံးဖြတ်ချက်တွေဟာ ကန့်ကွက်တဲ့၊ ပယ်ဖျက်တဲ့၊ သေးသိမ်အောင် လုပ်တဲ့ ဆုံးဖြတ်ချက်တွေများ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိတယ်။ နောက်တခုက အဖွဲ့တွေ အများကြီးနဲ့ ရောသမ မွှေမယ်ဆိုရင် တိုင်းရင်းသားတွေတင်ပြထားတဲ့ စောစောကပြောတဲ့  အမျိုးသားတန်းတူရေးမူ၊ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူ၊ စောစောကပြောတဲ့ အာဏာကို ပြည်ထောင်စုနဲ့ပြည်နယ်ကို  မှန်မှန်ကန်ကန် ခွဲဝေသတ်မှတ်ရမယ့် ဖက်ဒရယ် ပြည်ထောင်စု မူတွေကို သေးသိမ်သွားအောင်၊ ပျက်ပြယ်သွားအောင် အဖွဲ့အစည်းများစွာနဲ့ ရောပြီးတော့ ဆုံးဖြတ်မယ့်ကိစ္စမျိုးကိုလည်း ကျနော်က စိုးရိမ်တယ်။ ဒါကြောင့် ကျနော်တို့က ဖြစ်စေချင်တာက တကယ်က တပ်မတော်၊ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေက တစုပဲဖြစ်သင့်တယ်လို့ ထင်တယ်။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက တဖွဲ့ဖြစ်ပြီးတော့ ဒီမိုကရေစီ အင်အားစုခေါ်တဲ့အဖွဲ့တွေက တဖွဲ့ဖြစ်ပြီးတော့ ဆွေးနွေးဆုံးဖြတ်မယ်ဆိုရင်  ပိုပြီးတော့ နိုင်ငံရေးအရ အဓိပ္ပာယ်ရှိမယ်လို့ ပြောချင်ပါတယ်။

အသံဖိုင်နားဆင်ရန်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013