
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအတွက် ဆေးဝါးတွေကို စစ်ကောင်စီဘက်က ဆက်လက်ပြီး ထိန်းချုပ်ကန့်သတ်နေမယ်ဆိုရင် အိမ်နီးချင်း နိုင်ငံတွေကိုပါ ရောဂါပျံ့နှံ့သွားနိုင်ပြီး တကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေကို ရောက်သွားနိုင်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
AIDS ရောဂါနဲ့ သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၁ ရက်ကို ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားပြီး AIDS ရောဂါကြောင့် သေဆုံးမှုတွေ ကျဆင်းအောင် နှစ်စဉ် အသိပညာပေးရေးတွေ လုပ်ဆောင်နေပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ World AIDS Day ဆောင်ပုဒ်က “Let communities lead” AIDS “ပြည်သူပူးပေါင်း ဦးဆောင်လို့ AIDS တိုက်ဖျက်စို့” ဖြစ်ပြီး AIDS ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းသွားအောင် လူ့အသိုက်အဝန်းတခုလုံး ဦးဆောင်ပါဝင်ကြဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ထိန်းချုပ်ကန့်သတ်ချက်တွေကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသတွေ၊ ရွှေ့ပြောင်းဒုက္ခသည်နဲ့ စစ်ရှောင်စခန်းတွေမှာ HIV ပိုးတန့်ဆေး ART ဆေး အလွယ်တကူ လက်လမ်းမီဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
အခုလို ဆက်ပြီး တင်းကျပ်နေဦးမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအထိ ရောဂါပိုး ကူးစက်ပျံ့နှံ့လာနိုင်ပြီး တကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေကို ရောက်လာနိုင်တယ်လို့ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ဆောင်နေတဲ့ ဆရာဝန် ဒေါက်တာမြေလတ်က ပြောပါတယ်။
“HIV နဲ့ ပတ်သက်လို့လည်း ဒီလိုမျိုးဖြစ်တာတွေ အရမ်းများနေမယ်၊ စစ်ကောင်စီဘက်ကလည်း ဆက်ပြီးကျပ်နေမယ်၊ နောက် တကယ်လိုအပ်တဲ့ conflict affected area (ပဋိပက္ခဖြစ်ရာဒေသ) က IDPs တွေ ကျနော်တို့ရဲ့ ပြည်သူတွေက လိုအပ်တဲ့ ဆေးဝါးတွေ မရနိုင်ဘူး။ နောက် humanitarian aid (လူသားချင်းစာနာမှုအကူအညီ) တွေကို ဖွင့်မပေးဘူး။ ဖွင့်မပေးဘဲ သူတို့ရဲ့နယ်မြေမှာပဲ လုပ်ရမယ်၊ သူတို့ရဲ့ ဒေသတွေမှာပဲ လုပ်ရမယ် ဆိုတာမျိုးတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေပါ effect ဖြစ်နိုင်တယ်လို့ ကျနော်တို့က မှန်းထားတယ်ပေါ့။ ဒါ ဦးတည်သွားနိုင်တယ်၊ သူတို့နိုင်ငံတွေပါ ဒီ impact ကို ခံရနိုင်တယ်ပေါ့၊ ကျနော်တို့နိုင်ငံအတွက် ပြဿနာတင် မဟုတ်ဘူးဗျ။ ဒီလိုမျိုး ဖြစ်သွားပြီဆိုရင် Drug resistance (ဆေးယဉ်ပါးမှု) တွေ MDR TB လို့ခေါ်တဲ့ multi drug resistance တွေ အရမ်းများသွားခဲ့မယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ national health emergency တင် မဟုတ်တော့ဘဲ global health emergency ပါ ဖြစ်နိုင်တယ်ပေါ့နော်။”
စစ်ကောင်စီအနေနဲ့ ဆေးဝါးတွေ ထိန်းချုပ်ကန့်သတ်နေတာကို လျေှာ့ချပေးဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ HIV ရောဂါ ဖြစ်ပွားနှုန်းက ၁၇ ရာခိုင်နှုန်းကနေ ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေက ခန့်မှန်းထားပြီး အခု ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ၄၀ ရာခိုင်နှုန်းအထိ ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာဒေသတွေက HIV ပိုး ကူးစက်ခံနေရလို့ ဆေးသောက်ဖို့ လိုအပ်နေသူ အယောက် ၁၀၀ မှာ လူ ၄၀ ကျော်က ART ဆေး ပြတ်လပ်မှုနဲ့ ကြုံနေရနိုင်တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်မှုအောက်က ဒေသတွေမှာတော့ ဆေးဝါးတွေကို လက်လှမ်းမီနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဖြစ်များတဲ့ ကူးစက်ရောဂါတွေကို အိမ်နီးချင်းနိုင်ငံတွေအထိ ပျံ့နှံ့မသွားရအောင် အစီအစဉ်တွေ ချမှတ်လုပ်ဆောင်ပေးဖို့ကို UNAIDS မြန်မာနဲ့ WHO Myanmar ကို တယ်လီကျန်းမာ TeleRed HIV clinic ရဲ့ ဆရာဝန်က တိုက်တွန်းပြောပါတယ်။
“ပြည်သူလူထုကိုယ်စားပြု အဖွဲ့အစည်းအနေနဲ့ HIV ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို မလုပ်နိုင်အောင် စစ်ကောင်စီက ကန့်သတ်တာတွေ၊ ART ဆေးတွေ ပြတ်လပ်အောင် လုပ်ဆောင်တာတွေကိုလည်း အသိအမှတ်ပြု လက်ခံရပါမယ်။ ဒီလိုအခြေအနေတွေမှာ ဒီလိုတွေဖြစ်နေတယ် ဆိုတာကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေကို အလေးအနက် အသိပေးလိုပါတယ်။ အထူးသဖြင့် ဌာနေ UNAIDS-Myanmar၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့-မြန်မာ (WHO Myanmar) အနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်ပြီးတော့ လိုအပ်တဲ့ အခြေအနေတွေကို အလျဉ်းသင့်သလို ဆောင်ရွက်ပေးသင့်ပါတယ်။ ပြင်ဆင်ထားတယ်ဆိုလည်း အဲဒီအစီအစဉ်တွေကို လက်တွေ့ကျကျ လုပ်ဆောင်ပေးဖို့ တကယ်လိုအပ်ပါတယ်။”
HIV ပိုး ကူးစက်ခံနေရသူတွေအနေနဲ့ ART ဆေးအတွက် ကျန်းမာရေးအခြေအနေတွေ တိုင်ပင်ဆွေးနွေးချင်တယ်၊ တခုခုမေးမြန်းချင်တယ် ဆိုရင်လည်း တယ်လီကျန်းမာ ဆေးခန်းမှာ TeleRed HIV clinic ကို မက်ဆင်ဂျာကနေ ဘိုကင်ယူပြီးတော့ တင်ထားမယ်ဆိုရင် ပြည်သူ့ကျန်းမာရေး ဆရာဝန်တွေ လူနာတွေကို ကြည့်ရှုပေးမယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝန်း လူဦးရေ ၉ ဒသမ ၂ သန်းက ဆေးကုသခွင့်မရဘဲ HIV ပိုး ကူးစက်ခံထားရပြီး AIDS ရောဂါကြောင့် တမိနစ်တိုင်းမှာ လူတဦး သေဆုံးနေတယ်လို့ UNAIDS အဖွဲ့ကနေ သိရပါတယ်။
UNAIDS ရဲ့ လက်ထောက်အမှုဆောင်ဒါရိုက်တာ အန်ဂျလီ အခရက်ကာက “လူမှုအသိုင်းအဝိုင်းရဲ့ ဦးဆောင်နိုင်မှုအပေါ် အသိအမှတ်ပြုဖို့အတွက် တိုက်တွန်းထားပြီး အရင်းအမြစ်ဆိုင်ရာ အဖွဲ့တွေကလည်း လူထုဦးဆောင်မှုကို ထောက်ပံ့ပေးရာမှာ အသေအချာ လုပ်ဆောင်ကြဖို့ လိုအပ်တယ်” လို့ တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံမှာတော့ HIV ပိုး ကူးစက်ခံနေရသူပေါင်း ၂၈၀,၀၀၀ လောက်ရှိပြီး ၂၀၂၂ ခုနှစ်မှာ အသစ်ကူးစက်ခံရသူပေါင်း ၁၁,၀၀၀ လောက်နဲ့ AIDS ရောဂါနဲ့ ဆက်နွှယ်သေဆုံးသူပေါင်း ၆,၄၀၀ လောက်ရှိတယ်လို့ UNAIDS အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဝေဝေ