DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေဈေး တက်သော်လည်း ပြည်တွင်း‌‌ဈေး အတက်နည်း
DVB
·
November 29, 2023
ကမ္ဘာ့ရွှေဈေး တက်သော်လည်း ပြည်တွင်း‌‌ဈေး အတက်နည်း
Donate to DVB

နိုင်ငံတကာဈေးကွက်မှာ ရွှေဈေးနှုန်းက ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မှာ တအောင်စကို အမေရိကန်‌ဒေါ်လာ ၂,၀၄၀ အထက်ထိ ထိုးတက်ခဲ့ပေမဲ့ ပြည်တွင်းရွှေဈေးနှုန်းကတော့ ဈေးနှုန်းအနည်းငယ်သာ မြင့်တက်ခဲ့တယ်လို့ ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

ပြည်တွင်းဝယ်လိုအား နည်းနေတာကြောင့် ကမ္ဘာ့‌ရွှေဈေး ထိုးတက်ပေမဲ့ ပြည်တွင်းဈေး အတက်နည်းခဲ့တာလို့ ရန်ကုန်မြို့က ဝါရင့် ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ပြည်တွင်းရွှေဈေးကလည်း နည်းနည်းတက်ပါတယ်။ အရင်ဈေးထက်စာရင် ၂ သောင်း ၃ သောင်းလောက် တက်လာတာပေါ့။ ကမ္ဘာ့ဈေးတက်တာကတော့ ပိုများပါတယ်။ ဒေါ်လာ လေးငါးဆယ်လောက် တက်သွားတယ်။ ပြည်တွင်းမှာ အရောင်းအဝယ်တွေ ပါးနေတာလည်း ပါတယ်။ ဒေါ်လာဈေး အေးနေတာလည်း ပါတယ်။ အဲဒါကြောင့် ပြည်တွင်း‌ဈေး အများကြီး လိုက်မတက်တာပါ။”

ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်‌ နေ့လယ်ပိုင်းမှာ အခေါက်ရွှေ ၁ ကျပ်သားကို ငွေကျပ် ၃၆ သိန်း ၆ သောင်း‌ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်က တကျပ်သားကို ၃၆ သိန်း ၄ သောင်း‌ ဝန်းကျင်မှာပဲ ရှိခဲ့တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

၁၅ ပဲရည် ရွှေဈေးကတော့ ဒီကနေ့ ၃၄ သိန်း ၅ သောင်းဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တဆိုင်နဲ့တဆိုင် ဈေးနှုန်းတူညီမှု မရှိဘူးလို့ သိရပါတယ်။

“၁၅ ပဲရည် ဈေးကျတော့ အခေါက်ဈေးနဲ့ နှစ်သိန်းလောက်ကွာတယ်။ ၁၅ ပဲရည်ကျတော့ အတိအကျမရှိဘူး။ တဆိုင်တမျိုးပါပဲ” လို့ ရွှေဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်တွင်းရွှေဈေး အလှုတ်အခတ် နည်းခဲ့ပေမဲ့ ကမ္ဘာ့ရွှေဈေးကတော့ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၂,၀၄၀ အထက်ထိ မြင့်တက်လာပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က တအောင်စကို အမေရိကန်ဒေါ်လာ ၂,၀၀၀ အောက်မှာပဲ ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကလည်း ကမ္ဘာ့ရွှေဈေးနှုန်း အတက်ကြောင့် အကယ်ဒမီ မီးလင်းရွှေ ဈေးကွက်ဈေးနှုန်း သတ်မှတ်ဈေးကို ဒီကနေ့မှာ ကျပ် ၃၂ သိန်း အထက်ထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။

အခုလို ကမ္ဘာ့ရွှေဈေးအတက်ကြောင့် ပြည်တွင်းရွှေဈေး အနည်းငယ်မြင့်တက်မှု ရှိခဲ့ပေမဲ့ မြန်မာငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားကတော့ တဒေါ်လာကို ၃,၄၀၀ ကျပ် ဝန်းကျင်မှာ တည်ငြိမ်‌နေတယ်လို့ ဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013