Home
မြန်မာသတင်း
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် Non-CDM ဝန်ထမ်း ၅ ဦးကို အမှုဖွင့် တရားစွဲမည်
DVB
·
November 29, 2023

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် Non-CDM ဝန်ထမ်း ၅ ယောက်၊ သူတို့ မိသားစုဝင်တွေနဲ့ တပ်မိသားစုဝင် ၃ ယောက်ကို အမှုဖွင့်တရားစွဲမယ်လို့ ကရင်နီပြည်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာ ၂၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

လွိုင်ကော်တက္ကသိုလ်ကနေ ကယ်ထုတ်လာခဲ့တဲ့ Non-CDM ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို "Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” ကနေ စုံစမ်း စစ်ဆေးစိစစ်ပြီးသွားပြီလို့ ဆိုပါတယ်။

အဲဒီနောက် မတရားအသင်း အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အဓိက တာဝန်ရှိသူတွေဖြစ်တဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ ယောက်နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကရင်နီပြည်ရဲဌာနက တရားလိုလုပ် အမှုဖွင့်တရားစွဲပြီး သက်ဆိုင်ရာ တရားစီရင်ရေးဌာနဆီ လွှဲပြောင်းပြီး ဥပဒေနဲ့အညီ တရားစွဲဆို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွှယ်နေတဲ့ တပ်မိသားစုဝင် ၃ ယောက်ကိုလည်း စစ်ဖက်ဆိုင်ရာ အက်ဥပဒေနဲ့အညီ ဆက်လက် စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် သက်ဆိုင်ရာစစ်ခုံရုံးကို လွှဲပြောင်းအရေးယူသွားမယ် လို့လည်း ဆိုပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ အကြမ်းဖက်စစ်ကောင်စီနဲ့ မပတ်သက် မဆက်နွှယ်တဲ့ Non-CDM တွေကို ပထမအကြိမ် အမှုထမ်း အယောက် ၇၀ နဲ့ သူတို့ရဲ့ မိသားစုဝင် ၃၇ ယောက်၊ ဒုတိယအကြိမ် အရာထမ်း ၅၉ ယောက်နဲ့ သူတို့ရဲ့ မိသားစုဝင် ၂၇ တို့ကို ‘အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရားမှန်သမျှမှာ မပါဝင်မဆောင်ရွက်ဖို့၊ ကျောင်း/ရုံးနဲ့လည်း အဆက်အသွယ်မလုပ်ဖို့၊ ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်သွားဖို့’ စတာတွေပါဝင်တဲ့ ကတိခံဝန်ချက်မှာ လက်မှတ်ရေးထိုးစေပြီး ကရင်နီပြည်နယ်ပြင်ပကို နိုဝင်ဘာ ၂၈ ရက်မှာ အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုဝင်ဘာ ၁၁ ရက်က KNDF စစ်ကြောင်းကို လွိုင်ကော်တက္ကသိုလ်ထဲကနေ စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့လို့ အပြန်အလှန်တိုက်ပွဲဖြစ်ပြီး တက္ကသိုလ်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ကျောင်းထဲမှာ ပိတ်မိနေခဲ့တာကြောင့် KNDF က ကူညီ ရွှေ့ပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

Photo- Karenni State-IEC

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024