DVB Logo
Home
Lead Story
လူသားနှင့် နိုင်ငံသားများ၏ အခွင့်အရေး ကြေညာစာတမ်း
DVB
·
November 29, 2023
လူသားနှင့် နိုင်ငံသားများ၏ အခွင့်အရေး ကြေညာစာတမ်း
Donate to DVB

လူသားနှင့် နိုင်ငံသားများ၏ အခွင့်အရေးကြေညာစာတမ်းသည် လူ့အခွင့်အရေးနှင့် ပတ်သက်သော အထင်ကရ ကြေညာချက်တခုလည်းဖြစ်၏။ ထိုကြေညာစာတမ်းသည် ပြင်သစ်တော်လှန်ရေး အစအဦးပိုင်း၌ ပေါ်ထွက်လာခဲ့သည်။ ဥပဒေအရ တန်းတူညီမျှရှိပြီး လွတ်လပ်ခွင့်၊ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့်၊ လုံခြုံမှုနှင့် နှိပ်စက်မှုမှလွတ်ကင်းခွင့် စသော အခွင့်အရေးများ တန်းတူညီမျှရှိသည်ဆိုသော အယူအဆသစ်များ ပေါ်ထွက်လာစေခဲ့သည့် ကြေညာစာတမ်းတခုလည်း ဖြစ်သည်။ ဤအယူအဆသည် ခေတ်သစ်ကမ္ဘာကြီးကို ပုံဖော်ပေးနိုင်ခဲ့သည်။

ဤကဲ့သို့ ကြေညာစာတမ်းထွက်ပေါ်ဖို့ရာ သမိုင်းကြောင်းဆိုင်ရာ အဖြစ်အပျက်များကလည်း တည်ရှိနေခဲ့သည်။ ၁၇၈၉ မေလတွင် လူဝီ ၁၆ သည် ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသလို Estate General ခေါ် ဥပဒေပြုလွှတ်တော် ပြန်လည်ကျင်းပပေးဖို့ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုများလည်း ရှိခဲ့သည်။ အဆိုပါ ဥပဒေပြုလွှတ်တော်ကို ဘုန်းတော်ကြီး၊ မှူးမတ်မျိုးနွယ်နှင့် ပြည်သူလူထုဆိုပြီး အစုအဖွဲ့ ၃ စုဖြင့် ဖွဲ့စည်းထားသည်။ အစုတဖွဲ့ချင်းစီတွင် မဲတမဲသာ ပေးခွင့်ရှိသည့်တိုင် ထိုစဉ်က အထက်တန်းလွှာနှစ်ခုဖြစ်သော ဘုန်းတော်ကြီးနှင့် မှူးမတ်တို့မှာ ပြည်သူကို အမြဲတမ်းလိုလို မဲအသာစီးရနေသည်။

အမျိုးသားညီလာခံ

၁၇၈၉ ဇွန် ၁၇ တွင် ဒေါသူပုန်ထနေသာ ပြည်သူလူထုသည် ၎င်းတို့ကိုယ်တိုင် ဥပဒေပြဋ္ဌာန်းရန်ဆိုကာ သီးခြား အမျိုးသားလွှတ်တော်ကို ကြေညာလိုက်သည်။ မူလရှိနှင့်ပြီးသား တရားဝင်ညီလာခံခန်းမကို သော့ခတ်လိုက်ကာ တော်ဝင်တင်းနစ်ကွင်းမှာ လွှတ်တော်ကို ကျင်းပခဲ့ကြသည်။ ယင်းအမျိုးသားလွှတ်တော်မှတဆင့် ပြင်သစ်နိုင်ငံကို ရှေ့ဆက်အုပ်ချုပ်မည့် အခြေခံမူများကို ချမှတ်ခဲ့ကြသည်။ ထိုအထဲ၌ ပြည်သူအားလုံး၏ ကောင်းကျိုးအတွက် ပြည်သူအားလုံး၏ သဘောတူညီချက်အရသာ လွှတ်တော်က အုပ်ချုပ်ရမည်ဆိုသည့် အခြေခံမူတခုလည်း ပါဝင်ခဲ့သည်။

သို့ဖြစ်သည်နှင့်အညီ နိုင်ငံသားတို့၏ အခွင့်အရေးများကို သတ်မှတ်ဖို့လည်း လိုအပ်လာခဲ့သည်။ သို့ဖြစ်ရာ မားကွိစ်ဒီ လာဖာယက်တီသည် အမေရိကန်နိုင်ငံရေးခေါင်းဆောင် သောမတ်စ်ဂျက်ဖာဆန်နှင့် တိုင်ပင်ကာ ကြေညာစာတမ်းမူကြမ်း ရေးဆွဲခဲ့ပေသည်။ အဆိုပါမူကြမ်းကို ၁၇၈၉ ဇူလိုင် ၁၁ တွင် လွှတ်တော်သို့ တင်ပြခဲ့သည်။ ပြန်လည်သုံးသပ်ပြီး ခြောက်ပတ်အကြာတွင် ထိုမူကြမ်းကို လက်ခံခဲ့သည်။

ဆိုရလျှင် ဤစာတမ်းကို လွန်ခဲ့သော ရာစုဝက်အကြာ ပြင်သစ်နိုင်ငံတွင် ပေါ်ထွန်းခဲ့သော ဉာဏ်အလင်းပွင့်ခေတ် အိုင်ဒီယာများနှင့် အဓိက ပုံသွန်းထားတာပဲဖြစ်သည်။ ဘုရင်၏ ဘုရားပေးအာဏာ ဆိုသည့် အယူအဆဟောင်းများကို ဗော်လတိုင်းယား၊ ရူးဆိုး၊ မွန်တက်စ်ကြုတို့၏ အယူအဆသစ်များက စိန်ခေါ်ခဲ့ကြသည်။ ထိုအတွေးခေါ်ရှင်သုံးဦး အလိုအရ လူသားများ၏ အခွင့်အရေး ရပိုင်ခွင့် ဆိုသည်မှာ ဘာသာရေးအာဏာပိုင်မှ ဆင်းသက်လာခြင်းမဟုတ်။ ဆင်ခြင်တုံတရားမှ ပေါ်ပေါက်လာဟု အခိုင်အမာဆိုသည်။

ကြေညာချက်စာတမ်း၏ ပထမအပိုဒ်တွင် အဓိကကျသော အချက်ကို ဖော်ပြထားသည်။ လူတိုင်းတွင် မွေးသည်မှ သေသည်အထိ တူညီသော အခွင့်အရေးများ ရှိကြောင်း၊ လူမှုရေးအရ ခွဲခြားမှုများကို ဘုံကောင်းကျိုးအတွက် ဖြစ်ထွန်းမှသာ လုပ်ဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ အစိုးရ၏ အဓိကတာဝန်မှာ လွတ်လပ်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ လုံခြုံမှုရပိုင်ခွင့်၊ ဖိနှိပ်မှုအား တွန်းလှန်ခွင့် ဆိုသော ပြည်သူ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ဖို့ရန်သာ ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

အုပ်ချုပ်သူအစိုးရ၏ အခွင့်အာဏာမှာ ပြည်သူအားလုံး သဘောတူညီမှုအပေါ်၌သာ မူတည်ကြောင်း အပိုဒ် ၃ တွင် ဖော်ပြထားသည်။ အပိုဒ် ၄ တွင် Liberty လွတ်လပ်မှုအကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ထိုအပိုဒ်အရ လွတ်လပ်မှုဆိုသည်မှာ တပါးသူကို မထိခိုက်စေဘဲ အလုပ်တခုခုကို လုပ်ကိုင်ခြင်းဖြစ်သည်။ အစိုးရသည် လူ့အဖွဲ့အစည်းကို ထိခိုက်နစ်နာစေသည့် လုပ်ဆောင်ချက်များကိုသာ တားမြစ်ခွင့်ရှိသည်ဟု အပိုဒ် ၅ တွင် ဖော်ပြထားသည်။ ဥပဒေဆိုသည်မှာ ပြည်သူများ၏ သဘောတူညီချက်ကို ဖော်ပြထားခြင်းသာ ဖြစ်သည်ဟု အပိုဒ် ၆ တွင် ဖော်ပြထားသည်။

ကျန်အပိုဒ်များမှာ ယနေ့ ကျနော်တို့ လက်ခံယုံကြည်ထားကြသော အခွင့်အရေးဆိုင်ရာ သဘောတရားများ ဖြစ်သည်။ သက်သေထင်ရှား မပြနိုင်သရွေ့ မည်သူ့ကိုမျှ မပြစ်ရှိကြောင်း ဆုံးဖြတ်၍မရ ဆိုသည့် အခွင့်အရေးများလည်း ပါဝင်ပေသည်။ ထိုစဉ်က ယင်းအိုင်ဒီယာများမှာ အစွန်းရောက်သယောင် ရှိခဲ့သော်လည်း ယနေ့ခေတ်လို ဒီမိုကရေစီ ကမ္ဘာကြီးတွင်မူ ထိုအိုင်ဒီယာများမှာ ကျွန်ုပ်တို့၏ သာမန်အသိတရားတခုသဖွယ် လက်ခံနေကြပြီဖြစ်သည်။

ခွဲခြားဆက်ဆံမှုများ

ထိုအခွင့်အရေးကြေညာစာတမ်းသည် ထိုကဲ့သို့ ကျင့်ဝတ်အရ၊ တန်းတူညီမျှမှုအရ လှုံ့ဆော် တိုက်တွန်းထားသည့်တိုင် လက်တွေ့တွင်မူ အကန့်အသတ်များ ရှိပေသည်။ ထိုကဲ့သို့ အခွင့်အရေးများကို လူတိုင်း၊ နိုင်ငံသားတိုင်းကို မပေး။ အသက် ၁၅ နှစ်ပြည့်ပြီး အတိုင်းအတာ တခုအထိ အခွန်ထမ်းဆောင်သူ အမျိုးသားများကိုသာ အခွင့်အရေးခံစားခွင့် ပေးထားသည်။ အမျိုးသမီးများ၊ ဆင်းရဲသော အမျိုးသားများ၊ ကျွန်များမှာ ထိုအခွင့်အရေး မရရှိပေ။ အကြောင်းမူ ၎င်းတို့မှာ တဆင့်နိမ့်နိုင်ငံသား (passive citizen) များ ဖြစ်သောကြောင့်တည်း။ သို့သော် တော်လှန်ရေးကြီး ရှေ့ဆက်ချီတက်လာသည်နှင့်အမျှ ထိုအစုအဖွဲ့များမှာ ၎င်းတို့လည်း အခွင့်အရေးများ ရထိုက်ခွင့်ရှိကြောင်း တောင်းဆိုလာခဲ့ကြသည်။ ၁၇၉၀ တွင် နီကိုလတ်စ်နှင့် အက်တာတို့က အမျိုးသမီးအခွင့်အရေးများကို အသိအမှတ်ပြုပေးဖို့ တိုင်းပြုပြည်ပြုလွှတ်တော်ကို တောင်းဆိုခဲ့သည်။ သို့သော် ၎င်းတို့အဆိုကို ပယ်ချခြင်းခံရသည်။ ယင်းကပင် ပြဇာတ်ရေးဆရာ အိုလံပစ် ဒီဂေါဂစ်အား အမျိုးသမီးများနှင့် အမျိုးသမီးနိုင်ငံသားများ၏ အခွင့်အရေး ကြေညာစာတမ်း ရေးသားစေသည့် အကြောင်းအရင်း ဖြစ်လာစေခဲ့သည်။ အမျိုးသမီးများမှာ အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးများ ရှိကြောင်း သူမက အခိုင်အမာဆိုခဲ့သည်။

ထိုမူလကြေညာစာတမ်းသည် ပြင်သစ်ကိုလိုနီ စိန့်-ဒိုမိနစ်(ဟေတီ) တွင် ကျွန်များ၏ ပထမဆုံး အရေးတော်ပုံအောင်ပွဲ ရရှိလာအောင် လှုံ့ဆော်ပေးနိုင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ၁၇၉၄ တွင် ပြင်သစ်နိုင်ငံတွင်သာမက ၎င်း၏ ကိုလိုနီနယ်များတွင်ပါ ကျွန်စနစ်ကို ဖျက်သိမ်းပစ်ခဲ့ပေသည်။

သပြေညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013