DVB Logo
Home
မြန်မာသတင်း
AIDS ဝေဒနာရှင်များအတွက် ART ဆေးရရှိရေး အခက်ကြုံ 
DVB
·
November 28, 2023
AIDS ဝေဒနာရှင်များအတွက် ART ဆေးရရှိရေး အခက်ကြုံ 
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ   AIDS နဲ့  TB တို့လို နာတာရှည်ရောဂါအတွက် လိုအပ်တဲ့ဆေးဝါးတွေကို စစ်ကောင်စီက ထိန်းချုပ် ကန့်သတ်နေတာကြောင့် ဆေးဝါးရယူမှုတွေမှာ အခက်အခဲတွေရှိနေတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့  ဆေးဝါးလိုအပ်နေသူတွေဆီကနေ သိရပါတယ်။

တချို့နေရာတွေမှာတော့ AIDS ဝေဒနာရှင်တွေ ပုံမှန်သောက်သုံးရတဲ့    ART ဆေးတွေကို INGO နဲ့  NGO တွေရဲ့ အစီအစဉ်နဲ့ ဆေးဝါးပြတ်လပ်မသွားရအောင် လုပ်ဆောင်ပေးနေသလို National TB program အစီအစဉ်ကနေလည်း TB ဆေးတွေဖြန့်ဝေပေးတာရှိပါတယ်။

ဒါပေမဲ့ မြန်မာပြည်အလယ်ပိုင်း တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာတော့ စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်တွေက ဆေးဝါးတွေ တွေ့ရှိရင် စစ်ဆေးသိမ်းဆည်းတဲ့အတွက် အခက်အခဲတွေအများကြီးဖြစ်နေရတဲ့အကြောင်းကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လုပ်ဆောင်ပေးနေတဲ့ ဆရာဝန် ဒေါက်တာမြေလတ်က  ဒီဗွီဘီကို ပြောပါတယ်။

“TBနဲ့ ပတ်သက်တဲ့ဆေးဝါးတွေ HIV နဲ့ ပတ်သက်တဲ့ဆေးဝါးတွေဆိုတာက အလွယ်တကူ ကျနော်တို့ ပါရာစီတမောတို့မျိုး Primary health care ကနေမျိုး အလွယ်တကူဝ ဝယ်လို့ရတဲ့ဆေးဝါးတွေမဟုတ်ဘူး။ ဈေးနှုန်း အားဖြင့်လည်း အတိုင်းအတာတခုထိ ဈေးကြီးတာမျိုးရှိတယ်။ နောက်တခုကတော့ ထိန်းချုပ်ကန့်သတ်ဆေးဝါးတွေဖြစ်တယ်။  strategic drug ပေါ့ ဘယ်လိုနေရာတွေမှာ ပိုအခက်အခဲဖြစ်လဲဆိုရင် ဆေးဝါးပစ္စည်းတွေကို စစ်ဆေးတာတွေ နောက်တခုက conflict effected ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေ။ နောက် စစ်ကိုင်းက  chehck point တွေ၊ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေး သိမ်းဆည်းတာမျိုးတွေကြုံခဲ့ရတာတွေရှိတယ်။ အရင်တုန်းက အခမဲ့ လွယ်လွယ်ကူကူ ရခဲ့တဲ့ ဆေးဝါးတွေက  အခုကျ အခမဲ့ရဖို့တောင် ခက်ခဲလာပြီးတော့ တချို့ ဆိုရင် private တွေမှာ ဝယ်သောက်ရတာတွေရှိတယ်။ တချို့ဆိုရင် cost sharing အနေနဲ့ ပြန်ပြီး သုံးစွဲရတာမျိုးတွေ ကျနော်တို့ တွေ့လာရတယ်။ အထူးသဖြင့် အဓိက conflict effected area တွေမှာ အဲတာတွေ ခက်ခဲလာ နေတယ်။”

ရန်ကုန်လိုနေရာတွေမှာလည်း ပုံမှန်ဆေးပေးဝေနေတဲ့ အစိုးရမဟုတ်တဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ တည်ထောင်ထားတဲ့ ဆေးပေးခန်းတွေ ပိတ်သိမ်းကုန်တဲ့အတွက် ဆေးဝါးရယူဖို့ အခက်အခဲတွေ ကြုံတွေနေရတဲ့ အကြောင်းကို ART ဆေးဝါးပုံမှန် ရယူနေသူတစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်သူက တဆင့်ပြန်ပြောပါတယ်။ 

“သူငယ်ချင်းက အရင် ART ဆေးကို သာကေတ သဇင်ဆေးခန်းမှာ ယူနေတာ အမြဲပေါ့။ နောက်ပိုင်းကျတော့ အဲမှာလည်း မရတော့ဘူး။ မရတဲ့အခါကျတော့ သူလည်းနေရာပြောင်းပေါ့။ အရင်ဆိုရင် နေရာတိုင်းလိုလိုမှာ ရတယ်။ အခုဆိုရင် ဘယ်လိုဖြစ်လဲဆိုတော့ အရင်က ဝေးတဲ့သူတွေဆို နှစ်လစာ သုံးလစာပေးတယ်။ အခုဆိုရင်‌ ဆေးကိုချိန်ပြီးပေးနေရတယ်တဲ့။ သူတို့က ပြောတယ် သူတို့လည်း လုံလောက်သလောက်မရဘူးတဲ့။ အဲတော့ ၁၅ ရက်စာ တလစာ အာ့လောက်ပဲ လွန်ရော ကျွံရောမှ ဆေးပေးတဲ့ဆီက ဆရာမတွေက သူတို့ကို ဆေးလုံးဝ ပြတ်မသွား အောင်တော့ ထိန်းပြီးပေးမယ်ပေါ့။ ဒါပေမဲ့ အရင်လို အများကြီးတော့မရဘူး။ အာ့လိုမျိုးတော့ပြောတယ်။ ဟိုး အရင်တလောက  တောင်ဥက္ကလာမှာ မရခင်က ဟိုးအဝေးကြီးကို သွားထုတ်ရတယ်လို့လည်းကြားသေးတယ်။”

အချိန်မီ ဆေးဝါးလက်လှမ်းမမီတာကြောင့် နောက်ဆက်တွဲအနေနဲ့ ဆေးယဉ်ပါးတဲ့ပြဿနာတွေ ကူးစက်မြန်တဲ့ အခြေအနေဖြစ်ပေါ်နိုင်ပြီး အဆိုးဝါးဆုံးအနေနဲ့ သေဆုံးမှုတွေမြင့်တက်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ HIV ပိုးကူးစက် ဖြစ်ပွားနှုန်းက ၁၇ ရာခိုင်နှုန်းကနေ ၂၇ ရာခိုင်နှုန်း အထိမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

အခု ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ၄၀ ရာခိုင်နှုန်းအထိ  ကူးစက်နှုန်းမြင့်တက်လာနိုင်တယ်လို့ ပြောဆို ထားတဲ့အပြင် ပဋိပက္ခဒေသတွေမှာ  လူ ၁၀၀ မှာ ၄၀ ကျော်က ART  ဆေးပြတ်လပ်မှုက ကြုံနေရနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံနေရသူပေါင်း ၂၈၀,၀၀၀ လောက်ရှိပြီး ၂၀၂၂ ခုနှစ်မှာ အသစ်ကူးစက်ခံရသူပေါင်း ၁၁,၀၀၀ လောက်နဲ့  AIDS ရောဂါနဲ့ ဆက်နွှယ်သေဆုံးသူပေါင်း ၆၄၀၀ လောက်ရှိတယ်လို့  ၂၀၂၃ ခုနှစ်ထုတ်  UNAIDS အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013