DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်တွင် Starlink အင်တာနက်ဆိုင် စတင်ဖွင့်လှစ်
DVB
·
November 28, 2023
ကရင်နီပြည်နယ်တွင် Starlink အင်တာနက်ဆိုင် စတင်ဖွင့်လှစ်
Donate to DVB

ဖုန်းလိုင်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ခံထားရတဲ့ ကရင်နီ (ကယား) ပြည်နယ်မှာ ဂြိုဟ်တုကနေ တိုက်ရိုက်ချိတ်ဆက်ပြီး အင်တာနက်အသုံးပြုလို့ရတဲ့ Starlink အင်တာနက် ကဖေးဆိုင် စတင် ဖွင့်လှစ်ထားပါတယ်။

စစ်ကောင်စီက အင်တာနက်တွေဖြတ်တောက်ထားတာကြောင့်  ကရင်နီပြည်နယ်မှာ အင်တာနက်သုံးစွဲမှု အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ဂြိုဟ်တုကနေ တိုက်ရိုက်ချိတ်ဆက်အသုံးပြုလို့ရတဲ့ Starlink အင်တာနက်ကဖေးကို ကရင်နီပြည် တစ်နေရာမှာ နိုဝင်ဘာလ ၂၂ ရက်ကစပြီး စစ်ရှောင်အရေး ကူညီပေးနေတဲ့ Karenni Hope အဖွဲ့က ဖွင့်လှစ်ခဲ့တာပါ။

ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးစတင်ခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့တဲ့အတွက် ပြည်သူတွေသတင်းအချက်အလက်ရရှိနိုင်ဖို့ Starlink အင်တာနက်ကဖေးကို ဖွင့်လှစ်ခဲ့တာလို့ Karenni Hope အဖွဲ့ရဲ့ မြေပြင်တာဝန်ခံ ကိုလွမ်းက ပြောပါတယ်။

Karenni Hope အဖွဲ့ရဲ့ တော်လှန်စီးပွားအဖြစ် ဖွင့်လှစ်ထားတဲ့ Starlink အင်တာနက် ကဖေးကို လက်ရှိအချိန်မှာ တနာရီ ၁၀၀၀ ကျပ်နှုန်းနဲ့ အချိန်ပိုင်းမျှဝေပေးနေပြီး လုံခြုံရေးအရ နေရာရွေ့ပြောင်းစနစ်နဲ့ အသုံးပြုသူတွေ ပိုမိုအဆင်ပြေအောင် ကြိုးစားပေးနေတယ်လို့ ဆိုပါတယ်။

ကောက်ခံရရှိတဲ့ ငွေကြေးတွေကိုလည်း Starlink ပစ္စည်းဖိုး၊ တစ်လတာ အသုံးပြုခနဲ့  မီးစက် ဆီဖိုးတွေအတွက် ပြန်လည်အသုံးပြုသွားမယ်လို့ ကိုလွမ်းက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်တွေဖြတ်တောက်လိုက်တဲ့အတွက် စစ်ရှောင်ကူညီသူတွေ၊ တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံစစ်ရှောင်တွေဟာ အဆက်အသွယ် အချိတ်အဆက်ပြုလုပ်ဖို့အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတာပါ။

ပြည်သူတွေနဲ့ စစ်ရှောင်အရေးကူညီပေးသူတွေရဲ့အွန်လိုင်း အခက်အခဲကိုတဖက်တလှမ်းကနေ ကူညီပေးနေနိုင်တဲ့ Starlink အင်တာနက်ကဖေးမှာ လာရောက်အသုံးပြုတဲ့သူအများစုက စစ်ရှောင်တွေနဲ့ တော်လှန်ရေး ရဲဘော်တွေဖြစ်ကြပါတယ်။

Starlink အင်တာနက် အသုံးပြုလို့ရတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေအနေနဲ့ အွန်လိုင်းကနေ အလှူရှင်တွေကို ချိတ်ဆက်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီရေးလုပ်ငန်းစဥ်တွေပြုလုပ်နိုင်သလို နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ စစ်ရှောင်တွေရဲ့ မိသားစုတွေကလည်း  စစ်ရှောင်တွေထံ အွန်လိုင်းကနေ ငွေပေးပို့လို့ရတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့နဲ့ လွိုင်လင်လေး စတဲ့ ဒေသတွေအပါအဝင် ကရင်နီပြည်နယ်က မြို့နယ် တော်တော်များများမှာ ဖုန်းလိုင်းတွေကို ဖြတ်တောက်လိုက်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။

Starlink  ဂြိုဟ်တုအင်တာနက်ကို ကရင်နီပြည်နယ်မှာ အသုံးပြုလို့ရပြီလို့ Free Burma Ranger (FBR) အဖွဲ့က ပြီးခဲ့တဲ့  ဇွန်လမှာ  ကြေညာခဲ့ပါတယ်။ 

ကရင်နီပြည်နယ်မှာ Starlink အင်တာနက်စတင်သုံးစွဲလာတဲ့အပေါ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ အရ အရေးယူမယ်လို စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာကနေ နိုဝင်ဘာလ ၂၅ ရက်မှာ ကြေညာထားပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013