DVB Logo
Home
မြန်မာသတင်း
မြေသိမ်း တပ်ရင်းကို အရေးယူပေးရန် ကာချုပ်ထံတိုင်ကြား
DVB
·
August 19, 2014
မြေသိမ်း တပ်ရင်းကို အရေးယူပေးရန် ကာချုပ်ထံတိုင်ကြား
Donate to DVB

ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲက ရွာသားတွေပိုင်တဲ့ လယ်ယာမြေဧက ၁၂၀၀ ကျော်  အသိမ်းခံရတာနဲ့ ပတ်သက်ပြီး နယ်မြေအခြေစိုက် ခမရ ၅၃၁ အစိုးရတပ်ကို အရေးယူပေးဖို့   ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ ဒေသခံ  ရွာသားတွေက  စာပေးပို့ တိုင်ကြားလိုက်ပါတယ်။

ဖရူဆိုမြို့မြောက်ဘက် ဆိုလျားကူးကျေးရွာက တောင်သူတွေလုပ်ကိုင်စားသောက်နေတဲ့ မြေပေါ်မှာ နယ်ခံတပ်ရင်းက   စည်းရိုးခတ်သိမ်းယူထားတဲ့အပြင်  ရွာသားတွေကို နယ်မြေကျူးကျော်မှုနဲ့  ပြန်တရားစွဲခဲ့တဲ့အတွက် တရားမျှတမှုရှိရေး ကာကွယ်ရေးဦးစီးချုပ်ဆီ ဒီကနေ့ ရက်စွဲနဲ့ တိုင်ကြားစာ ပေးပို့လိုက်တာဖြစ်ပါတယ်။

တိုင်ကြားစာကို ကယားပြည်နယ်ဝန်ကြီးချုပ်၊ လယ်ယာစီမံခန့်ခွဲရေးကော်မတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အားလုံးဆီ စတိုက်ကနေတဆင့်ပေးပို့ပြီး ဒီမြေသိမ်းမှုမှာ တိုက်ရိုက်ပတ်သက်နေတဲ့ ခမရ ၅၃၁ တပ်ရင်းဆီကိုတော့ တောင်သူကိုယ်စားလှယ် ၂ ဦးက ဒီမနက် ကိုယ်တိုင်သွားပို့ခဲ့တယ်လို့ ဆိုလျားကူးရွာသား ကိုယ်စားလှယ် ကိုထူးရယ်က ဒီဗွီဘီကို ပြောပါတယ်။

“အဓိကကတော့ ခမရ ၅၃၁ က ကျေးရွာပိုင်မြေတွေ သိမ်းဆည်းထားတဲ့အကြောင်း၊ ပြီးတော့ ရွာသားတွေကိုလည်း တရားစွဲဆိုတဲ့အကြောင်း၊  ဒါကြောင့်မို့ ကျနော်တို့လယ်မြေမှာ ဥပဒေနဲ့အညီပြန်လုပ်ခွင့်ရဖို့၊ ကျနော်တို့ ဆိုလျားကူးကျေးရွာသူ ရွာသားတွေအနေနဲ့ ကာချုပ်ဆီ တိုက်ရိုက်ခွင့်တောင်းတဲ့ ပုံစံပေါ့။”

စစ်တပ်က စည်းရိုးခတ်သိမ်းယူထားတဲ့ မြေဧရိယာ စုစုပေါင်း ၁၂၀၀ ဧက ကျော်ဟာ လွန်ခဲ့တဲ့ ၁၉၉၃ခုနှစ်ကတည်းက  အသိမ်းခံခဲ့ရပြီး အဲဒီနောက်ပိုင်း ရွာသားတွေကို သီးစားပြန်ချထားပေးထားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကမှာတော့  ရွာသား ၂၀၀ ကျော်ဟာ  အသိမ်းဆည်းခံမြေယာပေါ်မှာ ထွန်တုံးတိုက်ပွဲဝင်ခဲ့ပြီး ၀င်ရောက်ထွန်ရက်စိုက်ပျိုးခဲ့တဲ့အတွက် ဖရူဆိုမြို့နယ်ရဲစခန်းက သူတို့တွေကို ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် တောင်သူ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသဲရယ်ကို ခမရ ၅၃၁ က နယ်မြေကျူးကျော်မှု ပုဒ်မ (၄၄၈) နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက တရားစွဲခဲ့ပေမယ့်လည်း မြို့နယ်တရားသူကြီးက သက်သေမခိုင်လုံလို့ဆိုပြီး ပယ်ချခဲ့ပါတယ်။

လယ်မြေတွေ ပြန်ရဖို့  မနှစ်ကတည်းက  နိုင်ငံတော်သမ္မတဆီကိုရော၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သိမ်းဆည်းမြေယာ စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ လွှတ်တော်အမတ်တွေနဲ့ အပစ်ခတ်ရပ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတွေဆီ  စာပေးပို့ထားပေမယ့် ထူးခြားမှု မရှိဘူးလို့ ရွာသားတွေဘက်က ပြောပါတယ်။

ဆိုလျားကူးကျေးရွာမှာ စစ်တပ်နဲ့ ရွာသား နယ်မြေအငြင်းပွားမှုကိစ္စ အရေးယူ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဖရူဆိုမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးရုံးကို မေးမြန်းရာမှာတော့ ပြည်နယ်နဲ့ ပြည်ထောင်စု လွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးခဲ့ပြီဖြစ်ကြောင်းနဲ့ ဆွေးနွေးမှုနဲ့ နောက်ဆက်တွဲဆောင်ရွက်ချက် ဘာမှ ပြောမရသေးဘူးလို့  ဖြေကြား သွားပါတယ်။

မြန်မာတနိုင်ငံလုံးမှာ စစ်တပ်က သိမ်းထားတဲ့ လယ်ဧကပေါင်း ၄ သိန်း ၇ သောင်းကျော် ရှိတဲ့ထဲက ဧက ၁ သိန်းကျော်ကို ပြန်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013