DVB Logo
Home
Lead Story
ခြိမ်းခြောက်ခံနေရတဲ့ စစ်အာဏာရှင်များ
DVB
·
November 28, 2023
ခြိမ်းခြောက်ခံနေရတဲ့ စစ်အာဏာရှင်များ
Donate to DVB

မြန်မာနိုင်ငံဟာ အခုဆိုရင် အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက ညီနောင်မဟာမိတ် တပ်ဖွဲ့တွေရဲ့ လတ်တလောအောင်မြင်မှုတွေဟာ နိုင်ငံရဲ့သမိုင်းကို ပြောင်းလဲစေနိုင်တဲ့အထိ အခြားနိုင်ငံတွေထိအောင် ကျော်ကြားလျက် ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်အတွက် အပြင်းထန်ဆုံး ရိုက်ချက်တွေနဲ့ အောင်ပွဲတွေရနေတာကြောင့် မြန်မာစစ်တပ်ရဲ့ ဩဇာအာဏာသက်ရောက်မှု၊ ဒေသတွင်း အာဏာပိုင်ဆိုင်မှုနဲ့ မြန်မာနိုင်ငံရဲ့ မရေရာတဲ့ အနာဂတ်တွေကို ပြန်လည်တွက်ချက်ဖို့ လိုအပ်စေခဲ့ပါတယ်။

တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဟာ မကြုံစဘူး ပူးပေါင်းကာ စစ်အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်ခဲ့ကြပြီး စစ်စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သလို အရေးပါတဲ့ နယ်စပ်ဂိတ်တွေကိုလည်း ထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။

သူတို့ရဲ့ တိုက်ပွဲတွေနဲ့ အောင်မြင်မှုတွေဟာ မြန်မာစစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေးအပေါ် စိုးရိမ်ထိတ်လန့်စရာ စိန်ခေါ်မှုတွေ ဖြစ်လာစေခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း အပြင်းထန်ဆုံးဖြစ်တဲ့ မြန်မာ-တရုတ်နယ်စပ်က တိုက်ပွဲတွေဟာ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ပိုမိုရှုပ်ထွေးစေခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းက တိုက်ပွဲတွေဟာ တရုတ်နိုင်ငံကိုလည်း ခက်ခဲတဲ့ အခြေအနေကို တွန်းပို့ခဲ့ပါတယ်။ ဒီပြဿနာကို နူးညံ့စွာကိုင်တွယ်ရမယ့် အခြေအနေကို ရောက်နေတဲ့ တရုတ်အစိုးရဟာ စိုးရိမ်မှုကိုဖော်ပြပြီး ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ကိုလည်း တိုက်တွန်းလျက် ရှိနေပါတယ်။ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေးအားနည်းလာခြင်းဟာ ဒေသတွင်းက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်စေနိုင်တာကြောင့် တရုတ်ဟာ ဒေသတွင်း တည်ငြိမ်စေရေးနဲ့ သူ့ရဲ့အကျိုးအမြတ်ကာကွယ်ရေးအကြား ခက်ခက်ခဲခဲ ကိုင်တွယ်ရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

တရုတ်ရဲ့ နောက်ခံအကူအညီမပါဘဲ မဖြစ်နိုင်ဘူးလို့ ယူဆနေကြတဲ့ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ တိုက်ခိုက်မှုတွေဟာ ရှုပ်ထွေးတဲ့ လက်ရှိဆက်ဆံရေးတွေကို မြင်သာစေခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ၊ နိုင်ငံခြားငွေကြေး မလုံလောက်မှုတွေနဲ့ အဖွဲ့အစည်းတွင်း အဂတိမှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်ဟာ အလွန်ကို အင်အားနည်းနေတဲ့ စစ်တပ်နဲ့ ပြန်လည်တိုက်ခိုက်နေရတာ ဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကဏ္ဍမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတွေကို လက်လွှတ်ဆုံးရှုံးရနိုင်တဲ့ အခြေအနေကလည်း မြန်မာစစ်ကောင်စီကို ပိုပြီး အားနည်းစေပါတယ်။ သို့သော်လည်း လက်ရှိအခြေအနေတွေအရ သိပ်မကြာခင်ကာလအတွင်း မြန်မာစစ်အာဏာရှင်တွေ ပြိုလဲသွားဖို့ကတော့ သိပ်မဖြစ်နိုင်သေးပါဘူး။ နိုင်ငံတကာကတော့ လက်ရှိအခြေအနေအပေါ် စိုးရိမ်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ အကယ်၍သာ စစ်အာဏာရှင်တို့ ကျဆုံးသွားမယ်ဆိုရင် ဒါဟာ အာဏာရှင်တွေကို အရပ်သားတွေက တော်လှန်နိုင်တယ်ဆိုတဲ့ သမိုင်းဝင် ဖြစ်ရပ်တခု ပေါ်ပေါက်လာတော့မှာပဲ ဖြစ်ပါတယ်။

သို့သော်လည်း ရှုပ်‌ထွေးတဲ့ မြန်မာ့ပြည်တွင်းရေးရဲ့ အခြေအနေကို အ‌ဆောတလျင် သုံးသပ်ချက်မချဖို့ သတိထားရမှာ ဖြစ်ပါတယ်။ ဒီလိုအခွင့်အရေးမျိုးဟာ ကြုံတောင့်ကြုံခဲ ဖြစ်သလို အချိန်ကြာကြာလည်း ရနေမှာမဟုတ်ဘူး ဆိုတာကို NUG လက်အောက်ကနေ အခွင့်အရေးကို အမိအရဖမ်းယူပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တွေကလည်း သိရှိထားကြပါတယ်။ မဟာမိတ်တပ်ဖွဲ့တွေက သူတို့ရဲ့အောင်ပွဲတွေကို ခံယူဆင်နွှဲနေချိန်မှာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ နောက်ထပ် မေးခွန်းတွေလည်း ရှိနေပါတယ်။ ဒီအောင်ပွဲတွေကနေ အားလုံးပါဝင်တဲ့ ဒီမိုကရေစီနိုင်ငံဆီကို ဦးတည်‌သွားမလား၊ ဒါမှမဟုတ် ပိုပြီးဆိုးဝါးတဲ့ ပြဿနာတွေဆီ ဦးတည်သွားမလား ဆိုတာကိုတော့ မသိနိုင်ကြသေးပါဘူး။

ဒေသတွင်း အင်အားကြီး၊ အထူးသဖြင့် တရုတ်လိုနိုင်ငံတွေ ပါဝင်ပတ်သက်နေခြင်းကလည်း နဂိုတည်းကမှ ရှုပ်ထွေးနေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကို မရေရာမှုတွေနဲ့ ပိုဆိုးစေခဲ့ပါတယ်။ အခုလက်ရှိဖြစ်ရပ်တွေမှာ မြန်မာလူမျိုး‌တွေရဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ မတရားအုပ်ချုပ်မခံလိုမှုတို့က အဓိကသော့ချက်တွေပဲ ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်တပ်ပေါင်းစု‌ ပေါ်‌ပေါက်လာခြင်းဟာ စစ်တပ်တခုအ‌‌နေနဲ့သာ မဟုတ်ဘဲ မတရား ဖိနှိပ်ချုပ်ချယ်မှုတွေအပေါ်  မြန်မာနိုင်ငံသားတို့ရဲ့ စုပေါင်းတော်လှန်မှု သင်္ကေတလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတို့ရဲ့ ဆန္ဒကို ထောက်ပံ့ရာမှာသာမဟုတ်ဘဲ နိုင်ငံရေးအကူးအပြောင်းကာလမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက်ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးတကြီး ပါဝင်နေပါတယ်။ နောက်ဆုံးပန်းတိုင်ဟာ ဒီမိုကရေစီအင်အားစုတွေအဖြစ် ပြောင်းလဲဖို့ဖြစ်ပြီး လက်နက်ကိုင်တွေ သူတလူငါတမင်း ဖြစ်ချင်တိုင်း ဖြစ်မနေကြဖို့ကလည်း အလွန်အရေးကြီးလှကြောင်း အိန္ဒိယအခြေစိုက် The Statesman သတင်းရဲ့ Junta under threat အမည်နဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဘာသာပြန်- ဥဿာဆန်း

Ref: The statesman - Junta under threat

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013