DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်တွင် အပစ်အခတ်ရပ်စဲကြရန် တရုတ်စစ်တပ် တိုက်တွန်း
DVB
·
November 27, 2023
မြန်မာဘက်တွင် အပစ်အခတ်ရပ်စဲကြရန် တရုတ်စစ်တပ် တိုက်တွန်း
Donate to DVB

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ဂိတ်တချို့ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက သိမ်းယူထားခဲ့ပြီးနောက် မြန်မာနိုင်ငံအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲကြဖို့  တရုတ်စစ်တပ်က တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်ကစပြီး တရုတ်စစ်တပ်ဟာ မြန်မာနယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ 

အဲဒီ စစ်ရေးလေ့ကျင့်မှုကို ၄ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံအချုပ်အခြာအာဏာ ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက်သာ အဓိကရည်ရွယ်တယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်တာဟာ ယေဘုယျအားဖြင့် နှစ်နိုင်ငံအတွက် ကောင်းတဲ့အလုပ်ပဲ ဖြစ်တယ်လို့ တရုတ်စစ်တပ်ပိုင် သတင်းထုတ်ပြန်ရေးဖြစ်တဲ့ PLA Daily ရဲ့ အယ်ဒီတာ့အာဘော်ဆောင်းပါးမှာ ရေးပါတယ်။

“မြန်မာနိုင်ငံမြောက်ပိုင်းက တိုက်ပွဲတွေကို တရုတ်က အနီးကပ်စောင့်ကြည့်နေသလို သက်ဆိုင်ရာ အဖွဲ့တွေကိုလည်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းစွာဆွေးနွေးကြဖို့ တိုက်တွန်း ပါတယ်” လို့ လည်း အဲဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့  နယ်စပ်တိုက်ပွဲတွေကြောင့် တရုတ်ဘက်အခြမ်းမှာလည်း ထိခိုက်မှုတွေရှိ လာတာကြောင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းတည်းက စစ်ရေးလေ့ကျင့်မှု မရှိခဲ့တဲ့ အဲဒီနေရာမှာ စစ်ရေး လေ့ကျင့်တာက မြန်မာစစ်တပ်ကိုရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါ အရှိန်လျှော့ကြဖို့ တရုတ်က အချက်ပေးနေတာဖြစ်တယ်လို့  South China Morning Post  (SCMP) သတင်းစာက ဆိုပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး တရုတ်က ကြိုတင်အကြောင်းကြားထားတယ်လို့ မြန်မာ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုဝင်ဘာ ၂၅ ရက် မှာ မီဒီယာတွေကို ပြောခဲ့ပြီး ဒါဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်ကာ တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အပံ့ ဖြစ်စေဖို့ လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့ရဲ့ စတင် တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဟာ အခက်ခဲဆုံးစိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီး မဟာမိတ်အဖွဲ့တွေထဲက တခု ဖြစ်တဲ့ MNDAA က နိုဝင်ဘာ ၂၅ ရက်မှာ တရုတ်နယ်စပ်ကုန်သွယ်ရေး အချက်အချာနေရာ တခုဖြစ်တဲ့ မူဆယ်နယ်ရှိ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီမတိုင်ခင် နိုဝင်ဘာလ ၂၃ ရက် ဖြစ်ပွားခဲ့တဲ့ မူဆယ်မြို့က ကျင်စန်းကျော့ကုန်သွယ်ရေးစခန်း ကားဝင်းထဲကို  ကုန်တင်ကားတွေ ၁၂၀ ကျော် မီးလောင်မှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့်ဖြစ်တယ်လို့ မြန်မာစစ်တပ် ဝါဒဖြန့် သတင်းတွေကနေ စွပ်စွဲပါတယ်။

တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ “ပြည်သူလူထု အကျိုးစီးပွားထိခိုက်စေမယ့် ကိစ္စတွေကို မလုပ်ပါဘူးဆိုပြီး အဲဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုပေမဲ့  တရုတ်နိုင်ငံဟာ မြန်မာ စစ်တပ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကိုတော့ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

အခုလ အစောပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Nong Rong ကလည်း မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုမိုကာကွယ်ပေးဖို့ မြန်မာစစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ် သန်းဆွေကို တောင်းဆိုခဲ့တယ်လို့ SCMP သတင်းမှာ ဖော်ပြပါတယ်။

Source: SCMP/People’s Daily

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013