DVB Logo
Home
Lead Story
ဒီ တန်ဆောင်တိုင် တို့ အောင်နိုင်ပြီ
DVB
·
November 27, 2023
ဒီ တန်ဆောင်တိုင် တို့ အောင်နိုင်ပြီ
Donate to DVB

သာမညဖလ၊ အခါကျသည့်

လတန်ဆောင်တိုင်၊ ငါတို့နိုင်မည်

ပန်းတိုင်မဝေး

ညီညွတ်ရေးတော့လိုပါသည်။ ။

ကျမတို့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လွန်ဆွဲပွဲကြီးတခုလို သူနိုင် ကိုယ်နိုင် အပြိုင်အဆိုင် အကြိတ်အနယ်ပါပဲ။

ပြန်မရနိုင်တော့တဲ့ ပေးဆပ်မှုတွေကြား နှလုံးသားတွေ နာကျင်၊ ပင့်သက်များစွာဟာ လေးလံဆဲပါပဲ။ ဒါပေမဲ့ ပန်းတိုင်ကတော့ လက်တကမ်းမှာမို့ ရာသီဥတုက ကိုယ့်ဘက်ပါနေတယ် ဆိုတာကို ငြင်းလို့မရပါဘူး။ ဒါကြောင့် ကြားရသမျှ ကောင်းသတင်းတွေကို ခွန်အားယူပြီး ဒီတန်ဆောင်တိုင်မှာ အောင်နိုင်ဖို့ အားကုန်ထုတ်လို့ စုပေါင်းညီညာ တွန်းကြရတော့မှာပါ။ အောင်စည်ယွန်းချိန်ကို နားစွင့်၊ အားကုန်ထုတ်ကာ ပြိုင်တူတွန်းလိုက်ကြရင်ဖြင့် ပန်းတိုင်က လှမ်းကိုင်နိုင်မှာ မလွဲတော့ပါဘူး။

ဘယ်လိုပဲ ကောက်ကျစ် ဆိုးယုတ်သူတို့က သွေးခွဲပါစေ၊ ဘယ်လိုပဲ ခက်ခဲ ပင်ပန်း ဆင်းရဲပါစေ၊ အောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက် စိတ်ခွန်အားနဲ့ အရာရာကို ကျော်ဖြတ်သွားနိုင်ကြတော့မှာ ဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ခေတ်အဆက်ဆက် ယူဆထားခဲ့ကြတဲ့ အရာများစွာတို့ဟာ မထင်မှတ်လောက်အောင်ကို တိုးတက်မြန်ဆန်စွာ ဖြစ်ပေါ်လာခဲ့ပါပြီ။ နောက်ထပ် နောက်ထပ် ဆက်လက်ပြီးတော့လည်း ဖြစ်ပေါ်နေတုန်းပါပဲလေ။ မှန်ကန်သော စေတနာ၊ ခိုင်မာသော သစ္စာကြောင့် ကောင်းသောဆန္ဒများဟာ တလုံးတဝတည်း ပြည့်ဝကြရတော့မှာ ဖြစ်ပါတယ်။

အခုအချိန်ဟာ အလွှာပေါင်းစုံ၊ အခြေအနေပေါင်းစုံမှာ မတူသူတွေ တပြိုင်တည်း စည်းလုံး ညီညွတ် ပေါင်းစည်းလာနေချိန်လည်း ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ တိုင်းပြည်ကောင်းဖို့ အရေးကိုသာ ရှေ့ရှုကြရတော့မှာ ဖြစ်ပါတယ်။ တဦးတယောက်စီရဲ့ မကောင်းမှုဆိုတာမျိုးကို ခေတ္တခဏဖယ်ထားပြီး အားလုံးကောင်းဖို့ကို ဦးတည်ကြရပါမယ်။

အဇာတသတ်၊ အဖေသတ်သား

မင်းတပါးမှာ၊ ဆရာပေါင်းမှား

ငရဲသွားမင့်၊ တရား ဗုဒ္ဓ

နာကြားရကြောင့်၊ ဇောကျ ငြိမ်းနိုင်

တန်ဆောင်တိုင်ည၊ သာမညဖလ

သုတ်တော်လှ၏ အစွမ်းတည်း။    ။

ဆင်သေကောင်ပေါ်မှာ ပျော်မြူးနေကြသူတွေဟာ ပင်လယ်ဝကို ကျော်လွန်လာပြီး အတော်ဝေးတဲ့ ပင်လယ်အလယ်ခေါင်မှာ မျက်ဖြူဆိုက်ချိန် ရောက်နေပါပြီ။ တော်တော်လေးကို ဖြတ်တောက် ခုတ်ထစ်ထားလို့ တည်းတည်းလေးသာကျန်နေတဲ့ သစ်ပင်တပင်လို တပြိုင်တည်း တခါတွန်းရုံနဲ့ ဝုန်းခနဲလဲပြိုမယ့် အနေအထားပါ။ တပြိုင်တည်း စည်းလုံးဖို့က စေတနာမှန်သူ အားလုံးရဲ့ ဘဝပေး၊ ခေတ်ပေး၊ စနစ်ပေး တာဝန်ပါပဲ။ မာရသွန်ပြေးပွဲတခုလို၊ အဖွဲ့လိုက် လက်ဆင့်ကမ်းပြိုင်ပွဲတခုလို သက်လုံနဲ့ အဖွဲ့အစည်းစိတ်ဓာတ်က အင်မတန် အရေးကြီးလှပါတယ်။ တယောက်မော တယောက်နား၊ ဆက်သွားရင်းနဲ့ပဲ ပန်းတိုင်ဟာ နေ့လား ညလား နှာတဖျားလားပင် မှန်းဆမရနိုင်တော့တဲ့ အခြေအနေပါ။

လက်ရှိတွေ့ကြုံရရှိလာတဲ့ အောင်မြင်မှုတွေဟာ ရေငတ်နေသူတွေ အိုအေစစ်လေး ဘွားခနဲ ပေါ်လာသလိုပါပဲ။ လစာမရ၊ ကိုယ်ပိုင်စီးပွားတွေစတေး၊ ရှိတာစား၊ ရရာကြိုးစားနေကြသူတွေဟာ အင်မတန် လေးစားဖွယ် ကောင်းလှပါတယ်။ ဖောင်ဖျက်ခဲ့တဲ့ ဘုရင့်နောင်တွေဟာ နောက်ပြန်လှည့်စရာ ဘာမှမရှိတော့တာမို့ အားလုံးတူရူ ပန်းတိုင်ဆုပါပဲ။

ဒါတွေပြီးသွားရင်လည်း ရင်နဲ့ရင်းခဲ့တဲ့ တိုင်းပြည်ကြီးကို ပိုးမွေးသလို အရိပ်တကြည့်ကြည့် ပြန်လည်စုပေါင်း ထူထောင်ကြရဦးမှာပါ။

မြန်မာတွေဟာ နှစ် ၇၀ အိပ်မက်က ဝုန်းခနဲ နိုးထလာခဲ့ကြပါပြီ။ နှစ် ၇၀ စာ တပ်တော်ကြီးကို အချိန်တိုအတွင်း စုဖွဲ့နိုင်ခဲ့ပါပြီ။ ဘယ်အသက်မွေးကြောင်းအလုပ် လုပ်ခဲ့သူဖြစ်စေ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေကြတာ အံ့ဩစရာပါပဲ။ စားစရာ၊ လက်နက်၊ စစ်ပညာ၊ နည်းပညာ မရှိခဲ့စေကာမူ လူကြံရင် မခံနိုင်။ ဆင်သွားတော့လည်း လမ်းဖြစ်ရတာပါပဲ။

၂၀၂၃ တန်ဆောင်တိုင်က ပြည်သူ့ဘက်တော်သားအားလုံးရဲ့ မယုံမရဲ စိတ်ဓာတ်တွေကို ကိုင်လှုပ်နှိုးနိုင်ခဲ့ပါပြီ။ တက်ကြွယုံကြည်နေတဲ့ စိတ်ဓာတ်တွေက မပြည့်စုံတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ခဲ့ပါပြီ။ ဒီအခက်အခဲတွေ ကျော်လွှားပြီးနောက် မြန်မာနိုင်ငံဟာ နှစ် ၇၀ စာ ခုန်တက် တိုးတက်လာတော့မှာ မလွဲပါဘူး။ လူငယ်မျိုးဆက်သစ်တွေရဲ့ နည်းပညာအစွမ်းဟာလည်း အံ့မခမ်းပါပဲ။

ကပ်ဆိုးဒဏ်၊ စစ်ဘေးဒဏ်ကြောင့် ဆင်းရဲလွန်းခဲ့ပြီဖြစ်တဲ့ တိုင်းပြည်ကို မြန်မာပြည်သားတိုင်း  ပြန်လည်တည်ဆောက် စောင့်ရှောက်ကြရမှာပါ။ တက်ညီလက်ညီ ပြန်လည်ထူထောင်ကြရင်ဖြင့် အနာဂတ်မြန်မာပြည်ဟာ နိုင်ငံတကာအလယ် ပြန်လည် ဝံ့ထည်လာမှာ မလွဲပါဘူး။ တိုးတက် စည်ပင် ဝပြောတဲ့ အနာဂတ်မြန်မာပြည်ကို နောင်မျိုးဆက်သစ်တွေအတွက် လက်ဆောင်ပေးဖို့ ကျမတို့အားလုံး ပြိုင်တူပြုံး၍ ရုန်းကြပါစို့။ ဒီလို ပြောနေ ဆိုနေရင်းက ကျမတို့ငယ်စဉ်က ကျောင်းမှာ ရွတ်ဆိုခဲ့ကြရတဲ့ ကဗျာလေး တပုဒ်ကို တီးတိုးကလေး ရွတ်နေမိပါတော့တယ်ရှင်။

ဇွန်ပန်းရုံအနီး

နွံထဲဲ၌လှည်းဘီးကျွံနေသည်

ကူ၍တွန်းပေးကြပါ

လေးလွန်း၍မတွန်းနိုင်ဘူးလား

ပြိုင်တူတွန်းလျှင်ရနိုင်ပါသည်။     ။

သန့်ကေသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013