DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းတွင် စစ်ကောင်စီက ဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး
DVB
·
November 26, 2023
နမ့်ခမ်းတွင် စစ်ကောင်စီက ဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ကို နိုဝင်ဘာ ၂၆ ရက် ဒီနေ့မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် ၃ ယောက် သေဆုံးပြီး ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ဒီမနက် နမ့်ခမ်းမြို့ဘက် လေယာဉ်နဲ့ ဗုံး တရစပ်ကြဲခဲ့တာကြောင့် အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူလည်းရှိတယ်။ လက်နက်ကြီးကို လေယာဉ်ပေါ်ကနေ တရစပ်ပစ်ချခဲ့တာ” လို့ ပြောပါတယ်။

မနက် အစောပိုင်း ၂ နာရီ ဝန်းကျင်လောက်မှာ မန်အောင်ရွာက တိုက်နယ်ဆေးရုံကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဆေးရုံ ထိခိုက်ပျက်စီးသွားတဲ့အပြင် အသက် ၄ နှစ် အရွယ်ကလေးငယ်နဲ့ အသက် ၃၀ အရွယ် သူ့အမေတို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က "ဆေးရုံကုန်းကလည်း ကုန်ပြီ။ TNLA တွေ သိမ်းတာ။ သူတို့ မသိမ်းခင် စစ်တပ်က အဲဒီက ဆေးတွေ ရှိသမျှအကုန် ကျုံးသွားတာလို့‌ ကြားတယ်" လို့ ပြောပါတယ်။

မန်နားရပ်ကွက်မှာလည်း မနက် ၅ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ နေအိမ်တအိမ် ထိမှန်ပြီး အသက် ၁၇ နှစ် အရွယ် မိန်းကလေး ၁ ယောက် သေဆုံးသွားသလို သူ့ရဲ့အဖေကတော့ ခြေထောက် ပြတ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီမနက် ၆ နာရီခွဲနဲ့ ၇ နာရီခွဲကြားမှာလည်း လေယာဉ်နဲ့ ဗုံးတွေ အများကြီး လာကြဲသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “အောင်မေတ္တာရပ်ကွက်က စိန့်သောမတ်စ် စစ်ရှောင်စခန်းနဲ့ ‌ပြည်သူ နေအိမ်တအိမ် ထိသွားတယ်” လို့ ပြောပါတယ်။

နမ့်ခမ်းနဲ့ အနီးဝန်းကျင်မှာ စစ်ကောင်စီနဲ့ TNLA မဟာမိတ်ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ ရက်အတော်ကြာပြီဖြစ်ပြီး ဒေသခံထောင်ချီ တိုက်ပွဲ ရှောင်နေကြရသလို ဒေသခံ ပြည်သူတွေ ထိခိုက်သေဆုံးတာ၊ ဒဏ်ရာရတာနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေလည်း ပိုမို များပြားလာတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013