
ယူကရိန်းနိုင်ငံဟာ သူ့ရဲ့စပါးတင်ပို့ရာ လမ်းကြောင်းတွေကို ကာကွယ်ဖို့အပြင် ရုရှားနဲ့ နယ်နိ မိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေကိုလည်း ကာကွယ်ဖို့ လေကြောင်းရန်ကာကွယ်ရေးတွေ ပိုလိုအပ် နေတယ်လို့ သမ္မတ ဇလန်စကီးက ကိယက်ဗ်မြို့မှာ နိုဝင်ဘာ ၂၅ ရက်က လုပ်တဲ့ စားနပ်ရိက္ခာ ဖူလုံရေး နိုင်ငံတကာ ထိပ်သီးအစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲတလျှောက် အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုအဖြစ် ရုရှားက ယူကရိန်းကို ဒရုန်း ၇၅ စင်းနဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့အပြီးမှာ ဇလန်စကီးက ပြောသွားတာပါ။
အကြီးအကဲ ၃ ဦးရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို နောက်ထပ်လေကြောင်းတိုက်ခိုက်မှု အချက်ပေး ဥသြသံကြောင့် ဖြတ်ချခဲ့ရပါတယ်။
ယူကရိန်း ဆိပ်ကမ်းတွေမှ ကုန်တင်သင်္ဘောတွေရဲ့ လုံခြုံရေး အာမခံဖို့ နိုင်ငံခြား လုပ်ဖော် ကိုင်ဖက်တွေက သင်္ဘောတွေ ထောက်ပံ့ပေးမှာဖြစ်ကြောင်း ဇလန်စကီးက ပြောပါတယ်။
ကိယက်ဗ်ဟာ လေကြောင်းရန်ကာကွယ်ရေး ပြတ်လပ်မှုကို ဖြေရှင်းဖို့ မိတ်ဖက်တွေဆီကနေ အထောက်အပံ့ အသစ်တွေ မျှော်လင့်ထားပြီးတော့ ကိုယ်ပိုင် ထုတ်လုပ်နိုင်မှု စွမ်းရည်ကိုလည်း တိုးမြှင့်ဆောင်ရွက်နေတာမှာ တစုံတရာ တိုးတက်မှုရှိတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ရုရှားဟာ ဇူလိုင်လတုန်းက သူ့ရဲ့ပိတ်ဆို့ထားမှုကနေ စပါးသင်္ဘောတွေကို သွားခွင့်ပြုဖို့ ကုလသမဂ္ဂ ကြားဝင်စေ့စပ်ပေးတဲ့ သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီးနောက်မှာ ကောက်နှံဂျုံစပါး အဓိကတင်ပို့သူ ယူကရိန်းနိုင်ငံဟာ ပင်လယ်နက်ကိုဖြတ်ပြီး တခုတည်းသောလမ်းကြောင်း ကနေပဲ တင်ပို့နေတာပါ။
ယူကရိန်းရဲ့ လက်ရှိ ပင်လယ်နက်စပါးတင်ပို့မှု စင်္ကြံအားလုံးဟာ ယူကရိန်းတောင်ပိုင်း အိုဒက်ဆာ ဒေသရှိ ဆိပ်ကမ်းတွေကနေ စတင်ပါတယ်။
မကြာသေးမီရက်တွေအတွင်း ယူကရိန်းရဲ့ ကုန်းလမ်းအခြေခံ ကုန်တင်ကုန်ချရောင်းချမှု အများအပြားကို ပိတ်ဆို့ခဲ့တဲ့ ပိုလန်နဲ့ စလိုဗက် ထရပ်ကားသမားတွေရဲ့ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဇလန်စကီးက အဲဒီနိုင်ငံတွေရဲ့ ပြည်တွင်းနိုင်ငံရေးအပေါ် ပြဿနာကို အပြစ်တင်ခဲ့ပါတယ်။
တကယ်လို့ ယူကရိန်းရဲ့ အိမ်နီးချင်းတွေကို အဲဒီအငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန် နည်းနည်းလောက် ပေးမယ်ဆိုရင် ဒီကိစ္စကို ဖြေရှင်းနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ပါ ကြောင်း လည်း ဇလန်စကီးက ပြောသွားပါတယ်။
Source/Photo-Reuters










