
မက္ကဆီကိုနိုင်ငံတွင်း လိင်ကွဲပြားမှုဆိုင်ရာ ကျား-မ အခြေပြု အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ဖို့ နိုဝင်ဘာ ၂၅ ရက်က ရာနဲ့ချီတဲ့ အမျိုးသမီးတွေဟာ မက္ကဆီကိုစီးတီးမြို့လယ်ကို ချီတက်ခဲ့ကြပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ အမျိုးသမီးဝါဒီအဖွဲ့အစည်းတွေအပြင် ပျောက်ဆုံးနေသူတွေရဲ့ မိဘဆွေမျိုးအုပ်စုတွေလည်း မက္ကဆီကိုစီးတီးရဲ့ အဓိကလမ်းမတွေဆီ ချီတက်ခဲ့ကြပါတယ်။
“အမျိုးသမီးတွေဟာ ဘယ်လိုပဲ ၀တ်စားထားထား၊ ဘယ်နိုင်ငံ ဘယ်နေရာက ဘယ်သူဘယ်ဝါဆို တာ အရေးမကြီးပဲ အမြဲတမ်း အကြမ်းဖက်ခံနေရတယ်။ အသက်အရွယ် နဲ့လည်း မသက်ဆိုင်ပဲ ၅ နှစ်၊ ၆ နှစ် အရွယ် မိန်းကလေးတွေလည်း အမျိုးသမီး ဖြစ်တည်မှုကြောင့်ကို အသတ်ခံနေရတဲ့ သားကောင်တွေ ဖြစ်နေရတယ်”လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မာဆယ်လာက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ရဲ့ အဆိုအရ ပျမ်းမျှအားဖြင့် တနေ့ကို အမျိုးသမီး ၁၀ ဦး အသတ်ခံနေရတဲ့ နိုင်ငံရှိ သတ်ပစ်ခံရသူ အမျိုးသမီး တွေအတွက် တရားမျှတမှုကို တောင်းဆိုခဲ့ကြပါတယ်။
တက်ကြွလှုပ်ရှားသူတွေဟာ ကျား-မ အကြမ်းဖက်မှု သားကောင်တွေနဲ့ အတင်းအဓမ္မ ပျောက်ဆုံးသွားရသူတွေရဲ့ သွေးတွေကို ကိုယ်စားပြုထားတဲ့ တိုက်ခိုက်ရေး အမျိုးသမီးများ အဝိုင်း ဆိုတဲ့ အထိမ်းအမှတ် အဆောက်အအုံကို အနီရောင် ပိုက်ကွန်နဲ့ ခြုံလွှားခဲ့ကြပါတယ်။
Source/Photo-Reuters










