
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရပြီး အလောင်းကောက်စစ်ဆေးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း မိုင်းဆွဲခံရလို့ ၈ ယောက် သေဆုံးခဲ့သလို ရေတာရှည်မြို့နယ်ထဲမှာလည်း စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကြိုပင်ဝိုင်းကျေးရွာက ပျူစောထီးခေါင်းဆောင် စိုးမြင့်ကို သူ့ရဲ့ နေအိမ်မှာ နိုဝင်ဘာ ၂၄ ရက်နေ့ ည ၈ နာရီကျော်က ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ က သွားရောက်ပစ်ခတ်ခဲ့လို့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
အဲဒီနောက် အလောင်းကောက် စစ်ဆေးဖို့ အင်ငါးဂွဂိတ်က ဆိုင်ကယ် ၇ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲ ၁၄ ယောက်ကို ည ၁၂ နာရီလောက်မှာ ကြိုပင်ဝိုင်းရွာနဲ့ သစ်ရောင်းပြန်ရွာကြားမှာ တပ်ခွဲ ၁ ကပဲ ပဒေသာမိုင်း ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲပြီးနောက် ဆိုင်ကယ် ၄ စီး လဲကျသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်၊ ရဲ ၂ ယောက်၊ စုစုပေါင်း ၈ ယောက်သေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၁ မှ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၄၀ မမ နဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက် အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ပေါက်ခေါင်းမြို့နယ်ဆေးရုံဆီကို သယ်ဆောင် သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရှမ်းရွာလေးကျေးရွာကနေ နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ မိချောင်းအိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော် စစ်ကြောင်းကို မိချောင်းအိုင်ရွာမရောက်ခင် နဂျပ်ချောင်းဘေး သပြေခင်းမှာ ပုဝါနီစစ်ကြောင်းက အသင့်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
နာရီဝက်ကျော်ကြာတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စစ်ကြောင်းမှူးအပါအဝင် အယောက် ၃၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ဆိုပါတယ်။
အလောင်းတွေကောက်နိုင်ဖို့အတွက် စစ်တပ်ဘက်က Mi 35 ရဟတ်ယာဉ်နဲ့ ၄ ကြိမ်လာရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီ တပ်ဝန်းကျင်မှာ မနေကြဖို့နဲ့ အသွားလာလည်းသတိရှိကြဖို့ တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။










