DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့သစ် မြေသိမ်းမှု ဥပဒေနှင့် ညီ၊ မညီ စုံစမ်းနေဟု ဦးအောင်သိန်းလင်းပြော
DVB
·
August 18, 2014
ဒဂုံမြို့သစ် မြေသိမ်းမှု ဥပဒေနှင့် ညီ၊ မညီ စုံစမ်းနေဟု ဦးအောင်သိန်းလင်းပြော
1 / 2
Donate to DVB

ရန်ကုန်တိုင်းအတွင်းက ဒဂုံမြို့သစ် ၄ မြို့နယ်မှာ မြေဧက ၆ သောင်းကျော် သိမ်းယူ ခဲ့ပေမယ့် ၂ သောင်းကျော်ပဲ အသုံးပြုခဲ့တဲ့ကိစ္စ ဥပဒေနဲ့ ညီ၊ မညီ စုံစမ်းနေတယ်လို့  လယ်ယာမြေနဲ့ အခြားမြေတွေ နစ်နာဆုံးရှုံးမှု စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဦးအောင်သိန်းလင်းက ပြောပါတယ်။

[caption id="attachment_62662" align="alignright" width="300"]u aung thein lyin copy ဦးအောင်သိန်းလင်း ရှင်းလင်းတင်ပြနေစဉ်[/caption]

ဒဂုံမြို့သစ်ဆိပ်​ကမ်း​မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးမှာ လွှတ်ကော်မတီ တာဝန်ရှိသူက ဒဂုံမြို့သစ်က  လယ်သိမ်းခံရတဲ့ လယ်​သမားတွေနဲ့ ဒီကနေ့ တွေ့ ဆုံရာ မှာ ပြောကြားခဲ့တာ။

မြေယာကိစ္စတွေကို လွှတ်တော် က ဖြေရှင်းနေပေမယ့် အဖြေမထွက်သေးတဲ့ ကိစ္စတွေ ရှိနေသေးတဲ့အကြောင်းနဲ့ မြေယာတွေသိမ်းယူပြီး အသုံးမပြုသေးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး  ဦးအောင်သိန်းလင်းက အခုလို ပြောပါတယ်။

“၉၀ ပြည့်နှစ်တုန်းက မြို့သစ်တွေ ဖော်ဖို့အတွက် ဧက ၆ သောင်းကျော်ကို လန ၃၉ ချလိုက်တယ်။ ချပြီးတော့မှ သိမ်းတယ်။ သိမ်းပြီးတော့ ဒဂုံ ၄ မြို့နယ်ကို တည်ဆောက်တာ။ အဲဒါက ဧက ၂ သောင်းကျော် ၃ သောင်းနီးပဲ ကုန်တယ်။ ကျန်တဲ့ ၃ သောင်းကျော်ကျန်နေသေးတယ်။ ကျန်နေသေးတဲ့အထဲမှာ ကန်ထရိုက်က ၉၇၀၀ ကျော်ပေါ့။ ကျန်တဲ့ဟာ ကျနော်တို့ဆီ တိုင်စာ မရောက်တာတော့ မသိဘူး။ ကျနော်တို့ သတ်မှတ်ထားတာက မြေသိမ်းခံရတဲ့ကိစ္စတွေသည် ဘယ်သူသိမ်းတာ၊ ဘယ်ဝါသိမ်းတာ ကျနော်တို့ ကိစ္စမဟုတ်ဘူး။ မြေသိမ်းတာသည် ဥပဒေနဲ့ ညီလားမညီလား ကျနော်တို့ လေ့လာသုံးသပ်ပြီး ကော်မရှင်ရဲ့ အကြံပြုချက် သုံးသပ်ချက်တွေနဲ့ ကျနော်တို့ တင်ရတာ။”

ဒါ့ပြင် ဒဂုံမြို့သစ်က သိမ်းယူထားတဲ့ မြေတွေအတွက် လျော်ကြေး အဓမ္မပေးနေတာတွေ ရှိနေပြီး မယူရင်လည်း သိမ်းမယ်လို့ ကုမ္ပဏီတွေက ပြောတာတွေရှိတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်းက သိမ်းဆည်းမြေတွေထဲက ဘယ်လောက် ပြန်ပေးပြီးတယ်ဆိုတာ ပြောရခက်ပေမယ့် တော်တော်များများကတော့ လျော်ကြေးနဲ့ ပြီးပြတ်သွားပါတယ်လို့လည်း ဦးအောင်သိန်းလင်းက ပြောပါတယ်။

ဒဂုံမြို့သစ် ဒေသခံတဦးကတာ့ လယ်သမားတွေဟာ  မြေယာသိမ်းဆည်ခံရတဲ့အပြင် တရားစွဲဆိုခံနေရတယ်လို့ ပြောပါတယ်။

“တရားရုံးတက်နေရတာ ၁ နှစ်နဲ့ ၃ လရှိသွားပြီ။ တရားရုံးသွားရမယ့်အချိန်တွေကိုပဲ တွေးပူနေတယ်။ တခေါက်သွားရင် လေးငါးရှစ်ထောင်ကုန်တယ်။ စားတာနဲ့ ဟိုမှာပေးကျွေးရတာနဲ့။ ၀တ်စရာလည်း မရှိဘူး၊ အကုန်အပေါင်ဆိုင်ရောက်နေပြီ။ ဘာနစ်နာကြေးမှမပေးဘဲနဲ့ ကုမ္ပဏီ ဆောက်လိုက်တယ်။ ရုံးချိန် ကုမ္ပဏီဘက်ကမတက်တာ ၂၂ ကြိမ်။ ကိုယ်တွေကပဲ တက်တယ်။ မောင်လေးဆေးရုံတက်လို့ တရက်ပျက်လိုက်တော့ တရားသူကြီးက နောက်တခါ ပျက်ကွက်မှုရှိရင် အာမခံမပေးဘူးဆိုပြီး ပြောပါတယ်။”

ပြည်သူ့လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေတွေ နစ်နာဆုံးရှုံးမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို မြေယာအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ကူညီဖြေရှင်းပေးဖို့ ညွှန်ကြားချက်ထားတာဖြစ်ပါတယ်။

မြေယာ စုံစမ်းရေး ကော်မရှင်အနေနဲ့ နောက်ဆက်တွဲအပါအ၀င် အစီရင်ခံစာ ၁၀ ခုနဲ့  လယ်ယာမြေသိမ်းမှု တိုင်စာပေါင်း ၁၂၀၀ ကျော်ကို လွှတ်တော်ကို တင်ပြပြီး ဖြစ်တယ်လို့ ဦးအောင်သိန်းလင်းက ပြောပါတယ်။

စက်မှုဇုန်အပါအ၀င် အစိုးရစီမံကိန်းတွေ၊ စိုက်ပျိုးမွေးမြူရေးနဲ့ တခြား လုပ်ငန်းတွေအတွက် စစ်တပ်နဲ့ ကုမ္ပဏီတွေက နိုင်ငံတ၀န်းမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄ သိန်း ၇ သောင်းကျော်ရှိပြီး ဒီအထဲက  ၁ သိန်းကျော်ကိုသာ စွန့်လွှတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ တရားဝင် ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013