DVB Logo
Home
မြန်မာသတင်း
မြေပြင်တော်လှန်အဖွဲ့များ၏သဘောထားထုတ်ပြန်ချက်ကို စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ကြိုဆို
DVB
·
November 25, 2023
မြေပြင်တော်လှန်အဖွဲ့များ၏သဘောထားထုတ်ပြန်ချက်ကို စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ကြိုဆို
Donate to DVB

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက်  ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုခဲ့တာနဲ့ပတ်သက်လို့ မြေပြင်တော်လှန်အဖွဲ့တွေရဲ့ ကန့်ကွက်တဲ့ သဘောထားထုတ်ပြန်ခဲ့တာကို ကြိုဆိုတဲ့အကြောင်း   စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

စတုတ္ထအကြိမ် စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေကို နိုဝင်ဘာ ၁၇ ရက်မှာ အွန်လိုင်းကနေ ကျင်းပခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်သော ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို  အတည်ပြုလိုက်ခဲ့တာပါ။

ဒီဥပဒေကြမ်းကို အတည်ပြုကြေညာခဲ့တာဟာ ဒေသတွင်းတော်လှန်အင်အားစုတွေရဲ့ သဘောဆန္ဒ ပါဝင်မှုမရှိတာကြောင့် မြေပြင်ယုံကြည်မှုတည်ဆောက်ရေးအခက်အခဲတွေ ပိုဖြစ်ပေါ်စေတယ်လို့  ဒေသတွင်းအဖွဲ့ ၁၀၇ ဖွဲ့က နိုဝင်ဘာ ၂၂ ရက်နေ့မှာ သဘောထားထုတ်ပြန်ခဲ့ပြီး ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက "သဘောထားထုတ်ပြန်တာကတော့ လွတ်လပ်စွာပြောဆိုခွင့်မူအရရော လက်တွေ့အရရော ကောင်းပါတယ်ဗျ။ ကျနော်တို့ ကြိုဆိုရမှာပေါ့နော်။ အတည်ပြုလိုက်တဲ့ ပြင်ဆင်မှုဆိုင်ရာ ဥပဒေမူကြမ်းအပေါ်မှာရော သဘောထားအမြင်တွေ သိခွင့်ရတဲ့အတွက်လည်း ကောင်းမွန်တဲ့ လက္ခဏာတရပ်ပဲဖြစ်တယ်။ ပြောချင်တာက ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ဆိုတဲ့ကိစ္စရပ်နဲ့တင် တန့်တန့်နေတယ်ပေါ့။ တကယ်တမ်းက အတည်ပြုနိုင်ဖို့အတွက် ပါဝင်သင့် ပါဝင်ထိုက်သူတွေကို ကျနော်တို့က ဥပဒေနဲ့အညီ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ပြင်ဆင်ပေးလိုက်တဲ့ အခြေအနေပဲရှိပါတယ်။ အဖွဲ့အစည်းတခု ဆောင်ရွက်နိုင်ဖို့အတွက် အလွတ်သဘောဆွေးနွေးတာက ဆွေးနွေးလို့ရတဲ့ကိစ္စရပ်မို့လို့ ကျနော်တို့က ဥပဒေနဲ့ အတည်ပြုပြီးတော့ ဥပဒေနဲ့ ခန့်ခန့်ထည်ထည် ဆောင်ရွက်ခွင့် ပေးလိုက်တဲ့အဆင့်ပဲရှိတယ်ဆိုတဲ့ သဘောကိုလည်း နားလည်ပေးဖို့ ရှင်းလင်းလိုပါတယ်”လို့ ပြောပါတယ်။

ပထမအကြိမ်ပြည်သူ့ ညီလာခံက အတည်ပြုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၂ ၊ အခန်း ၈၊ ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်တွေအရ ဖက်ဒရယ်ယူနစ် ဥပဒေပြုရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ ညှိနှိုင်းဖြေရှင်းဖို့ လိုအပ်တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ပြည်ထောင်စုအစိုးရနဲ့ ဖက်ဒရယ်ယူနစ်တွေ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC ကို ဖွဲ့စည်းထားပြီးဖြစ်တဲ့အတွက် မြေပြင်က ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အစုအဖွဲ့တွေအားလုံး ပေါင်းစပ်ညှိနှိုင်းပြီး ကျေလည်မှုယူသင့်တယ်လို့ ဒေသတွင်း အဖွဲ့ ၁၀၇ ဖွဲ့က သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက "တတိုင်းလုံးရဲ့ ကံကြမ္မာနဲ့ ပတ်သက်တဲ့ ဥပဒေကို ရေးတော့မယ်ဆိုရင်တော့ တတိုင်းလုံးမှာရှိတဲ့ တော်လှန်အင်အားစုတွေအားလုံးကို လွှမ်းခြုံမိနိုင်တဲ့ တော်လှန်ညီလာခံတရပ်ကျင်းပပြီး ဥပဒေပြုတာမျိုးကသာလျှင်ဖြစ်သင့်တယ်။ ပြည်ထောင်စုအဆင့်ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပေါ်ထွန်းလာခဲ့တဲ့ ဖြစ်စဉ်တွေ၊ တခြားသော ချင်းတို့ ကရင်နီတို့မှာရှိတဲ့ ကြားကာလအစီအမံတွေ ပေါ်ပေါက်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့လည်း ကိုက်ညီတယ်ဆိုတာကို ကျနော်တို့က ထောက်ပြချင်တာဖြစ်ပါတယ်။ ချာတာဆိုတာ ကျနော်တို့  နိုင်ငံရေးမူဘောင်အရ အမြင့်ဆုံး အဖြစ်လက်ခံထားရတဲ့ ပဋိညာဉ်တရပ်ဖြစ်တယ်ဗျ။ ချာတာအစိတ်အပိုင်း ၂၊ အခန်း ၈၊ အပိုဒ် ၅၃ မှာဆိုရင် ပြည်နယ်ဖက်ဒရယ်ယူနစ်တွေရဲ့ ဥပဒေပြုရေး အုပ်ချုပ်ရေး တရားစီရင်ရေးကိစ္စရပ်တွေ ကိုဆောင်ရွက်မယ်ဆိုရင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာ ညှိနှိုင်းတိုင်ပင်ပြီးမှ ဆောင်ရွက်မည်ဆိုတာ ပါတယ်ပေါ့ဗျာ။ လက်ရှိတိုင်းလွှတ်တော်မှာ ဥပဒေပြုလိုက်တဲ့ကိစ္စသည် ချာတာကို လိုက်နာခြင်းရှိမရှိဆိုတာလည်း ပြန်ပြီးမေးရမယ့် မေးခွန်းဖြစ်ပါတယ်ဗျ။"

မြေပြင်အဖွဲ့တွေက ဥပဒေအတည်ပြုလိုက်တာကို မကျေလည်တာဖြစ်သလို ဥပဒေကိုအ ကောင်အထည်ဖော်မယ့်ကော်မရှင်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေက နေရာအများစုသတ်မှတ်ရယူထားတာနဲ့ပတ်သက်ပြီးလည်း မကျေလည်ကြတာဖြစ်ပါတယ်။

တော်လှန်ရေးအလွန်ကာလမှာ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကာလလို အခြေအနေမျိုးကို ပြန်လည်ရောက်ရှိနိုင်တဲ့အခင်းအကျင်းမျိုးဖြစ်နေတဲ့အတွက် သမိုင်းတပတ်ပြန်မလည်အောင် နိုင်ငံရေးဦးဆောင်သူတွေက သတိထားကိုင်တွယ်ရမယ့် အခြေအနေဖြစ်တယ်လို့ မကွေးဒေသခံ နိုင်ငံရေးသမားတဦးက ပြောပါတယ်။

"အခု စကစ မင်းအောင်လှိုင်ပြုတ်ကျပြီးရင်တောင်မှ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့မှ ပြဿနာတွေက ပြေလည်အောင် မရှင်းနိုင်ဘဲနဲ့ သမိုင်းတပတ်လည်မယ့် အနေအထားမျိုးတော့ ကျနော်တို့လည်း ခံစားရတယ်ပေါ့။ လူပုဂ္ဂိုလ် တဦးချင်းစီရဲ့ အမြင်တွေမှာလည်း NLD က ကြီးစိုးနေတယ်ဆိုတဲ့၊ နောက်ပြီးတော့ ဗမာက နိုင်ငံရေးအရ အစဉ်တစိုက်ဦးဆောင်နေတယ်ဆိုတဲ့ လူနည်းစုကိုယ်စားပြုတဲ့ တိုင်းရင်းသားတွေကလည်း စိုးရိမ်စိတ်တွေရှိတယ်ဆိုတာ ကျနော်တို့တွေ့ရတယ်။ အစုအဖွဲ့တိုင်းမှာလည်း သူတို့ရဲ့ စိုးရိမ်စိတ်တွေရှိတယ်ပေါ့။ လာမယ့် အနာဂတ်အတွက်ကို အချင်းချင်းတွေ မယုံကြည်မှုတွေနဲ့ နိုင်ငံရေးလက်ဦးမှုရယူတယ်ဆိုတဲ့ စွပ်စွဲမှုမျိုးတွေနဲ့ ကျနော်တို့ ညီညွတ်မှုအားနည်းမယ်ဆိုရင် ပြည်သူလူထုလိုချင်တဲ့ပန်းတိုင်က နှောင့်နှေးနေမယ်ဆိုတာကိုတော့ ကျနော်သတိပေးတဲ့အနေနဲ့ ပြောကြားချင်ပါတယ်ဗျ။"

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ ခြေလှမ်းဟာ ဖက်ဒရယ်စံနှုန်းတွေနဲ့ အညီ တိုင်းနဲ့ပြည်နယ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ကျင့်သုံးနိုင်ရေးကို လွှတ်တော် အင်္ဂါရပ်တွေနဲ့အညီ ကြိုးပမ်းအားထုတ်ဖို့ဖြစ်ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်က စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိက တာဝန်ယူရေးဆွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013