DVB Logo
Home
Lead Story
သက်တမ်းတ၀က်ကြာ မြန်မာအာဆီယံ ဥက္ကဋ္ဌရာထူးကို သုံးသပ်ခြင်း
DVB
·
August 18, 2014
သက်တမ်းတ၀က်ကြာ မြန်မာအာဆီယံ ဥက္ကဋ္ဌရာထူးကို သုံးသပ်ခြင်း
Donate to DVB

မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ဖို့ ၁၃၅ ရက်သာ ကျန်တော့တဲ့ အချိန်မှာ အာဆီယံဥက္ကဋ္ဌရာထူးကို မြန်မာက ထိထိရောက်ရောက် တာဝန်ယူနိုင်တယ် ဆိုတာ သက်သေပြ နိုင်ခဲ့သလို အာဆီယံရဲ့ အကျိုးစီးပွားကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။

Thein-Sein-ASEANဒီရာထူး အတွက် နေပြည်တော်က ၁၇ နှစ်ကြာ စောင့်ဆိုင်း ခဲ့ရတာဟာ စိန်ခေါ်မှုတွေအတွက် ထိုက်တန်မှု တခု ဖြစ်ခဲ့ပါတယ်။

အာဆီယံဥက္ကဋ္ဌရဲ့ အရှည်လျား ဆုံး ဆောင်ပုဒ်ဖြစ်တဲ့ “ရှေ့သို့တူညီ လက်လှမ်းချီ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ပြည်တွင်းအခြေအနေမှတပါး မြန်မာက ကတိ အာမခံချက်တွေကို ကျေပွန်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။

အရင်က တာဝန်ယူခဲ့တဲ့ အာဆီယံဥက္ကဋ္ဌ ၂ နိုင်ငံနဲ့ မတူ မြန်မာဆီမှာ ရှည်လျားတဲ့ သမိုင်းကြောင်းအမြင် ရှိသလို ကမ္ဘာအရေးနဲ့ ဒေသတွင်းအရေးတွေမှာ အာဆီယံနဲ့ မိမိအနေအထားကို ဘယ်လို ရပ်တည်ရမလဲဆိုတာကို အတိအကျ သိနေပါတယ်။

အာဆီယံနဲ့ တရုတ်တို့အကြားက တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုနဲ့ တခြား နိုင်ငံတကာရေးရာတွေမှာ ခိုင်မာတဲ့ အများသဘောတူဆန္ဒ ရရှိဖို့ ဥက္ကဋ္ဌက စိတ်ရှည်ရှည်နဲ့ ဘယ်လို လုပ်ဆောင်ခဲ့သလဲ ဆိုတာကို ရှင်းပြဖို့အတွက် ဒါဟာ အထောက်အကူ ဖြစ်ပါတယ်။

ဗီယက်နမ်ကလည်း အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်က အလားတူ သဘောထားကို ပြသခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး မြန်မာရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို အထူးသဖြင့် ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့က ချီးကျူးခဲ့ပါတယ်။

ဒီနိုင်ငံတွေက တောင်တရုတ်ပင်လယ်အရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေထံကနေ ထောက်ခံမှုနဲ့ ခိုင်မာတဲ့အမြင်ကို အလိုရှိနေတာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး ဇန်န၀ါရီနဲ့ မေလက ထုတ်ပြန်ချက်တွေက ဥက္ကဋ္ဌရဲ့ သံတမန်ရေး အားကောင်းမှုနဲ့ စွန်စားဆောင်ရွက်ရတဲ့ မူဝါဒကို ပြသနေပါတယ်။

ဒီနှစ်အတွက် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စတွေမှာ ပူးတွဲ တရားဝင်ထုတ်ပြန်ချက်တွေက အရင် ထုတ်ပြန်ချက်တွေထက် ပိုမိုခြုံငုံမိစေပါတယ်။

ဒါဟာ ရှေးရိုးစွဲကို ထိန်းသိမ်းထားတဲ့ မြန်မာရဲ့ ခေါင်းဆောင်မှုက ဘယ်ကိစ္စရပ်ကို မဆို ခွဲခြားမှု မရှိဘူးဆိုတာ ပြသနေပါတယ်။

ဒီတကြိမ်မှာတော့ ရေပိုင်နက်အငြင်းပွားမှုကိစ္စတွေအပြင် အရှေ့အလယ်ပိုင်းဒေသ ဂါဇာက အရေး၊ ဆီးရီးယားနဲ့ အီရတ်က အရေးတွေကို အာဆီယံဒေသတွင်း ဖိုရမ်မှာ အာဆီယံက ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

တခြား ဖြစ်ရပ်သစ်တွေ ဖြစ်တဲ့ မလေးရှား အမ်အိပ်ခ်ျ ၁၇ လေယာဉ် ပစ်ချခံရတာ ယူကရိန်းပဋိပက္ခနဲ့ အာဖဂန်နစ္စတန် အပြောင်းအလဲတွေကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အာဆီယံ အရှေ့တောင်အာရှ နျူကလီးယား လက်နက် ကင်းမဲ့ဇုန် သဘောတူညီချက်မှာ မြန်မာက လက်မှတ်ရေးထိုးခဲ့ပြီးတော့ အရင်ကရှိခဲ့တဲ့ နျူကလီးယားပိုင်နိုင်ငံဖြစ်ရေး  မျှော်လင့်ချက်ကို စွန့်လွှတ်ပစ်ခဲ့ပါပြီ။

၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေးမလုပ်ခင်နဲ့ အမေရိကန်နဲ့ ဆက်ဆံရေးပုံမှန် ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းမရှိခင်မှာ ပုန်းလျှိုးကွယ်လျှိုးလုပ်ဆောင်နေတဲ့ နျူကလီးယား ထုတ်လုပ်မှုဟာ အဓိက ပြဿ     နာလိုဖြစ်နေခဲ့တာပါ။

အဲဒီနောက်မှာတော့ ဒီကိစ္စတွေကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့ နေပြည်တော်က ပြင်းပြင်းထန်ထန်  ကြိုးစားခဲ့ပါတယ်။

လာမည့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် မလေးရှားကလည်း အဖွဲ့ရဲ့ ရေရှည် မျှော်မှန်း ချက်ဖြစ်တဲ့ ဒေသတွင်း နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အထက်က ပြောဆိုခဲ့တဲ့ အောင်မြင်မှုတွေ အပြင် အာဆီယံမှာ နိုင်ငံတကာနဲ့ ပြည်တွင်း အရေးအခင်းတွေမှာ မြန်မာက ပွဲကို ပြောင်းလဲနိုင်တဲ့ အခြေအနေရှိပေမယ့် ဒါဟာ တကယ်တော့ ဖြစ်မလာပါဘူး။

အာဆီယံ အိမ်နီးချင်းတွေကို ထိခိုက်ပေမယ့် အာဆီယံ လုပ်ငန်းစဉ်တွေမှာ သိသိသာသာ ချန်လှပ်ထားတဲ့ ရိုဟင်ဂျာနဲ့ ဘာသာရေးအဓိကရုဏ်းတွေနဲ့ ပတ်သက်ပြီး အိမ်ရှင်ကတော လုံးဝ အထိမခံ ဖြစ်နေပါတယ်။

မေလမှာတော့ ဥက္ကဋ္ဌက ထိုင်းနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံက ခေါင်းဆောင်တွေရဲ့ ကိုယ်စား သူရဲ့သဘောထားကို ပူးပေါင်း ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာက မိတ်ဆွေနိုင်ငံတွေထံကနေ ယုံကြည်မှု မြင့်မြင့်မားမား ရထားသလို ဒီကိစ္စရပ်တွေကို ဆွေးနွေးနိုင်ပြီး ဘုံသဘောတူညီချက်ကို ရှာဖွေနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

၂၀၁၂ အောက်တိုဘာမှာတော့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ ရိုဟင်ဂျာ အရေးကိစ္စ ဆွေးနွေးဖို့ ကမ္ဘောဒီးယားရဲ့ တောင်းဆိုချက်ကို မြန်မာက ပယ်ချခဲ့ပါတယ်။

တကယ်တော့ မြန်မာဟာနောက်မှ ယုံကြည်မှုရှိလာခဲ့တာပါ။ ၂၀၀၈ မေလ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို ပျက်စီးသွားစေတဲ့ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့အပြီးမှာ  ဒေသတွင်းနဲ့ နိုင်ငံတကာက တတ်နိုင်သလောက်  လူသားချင်းစာနာမှု အကူအညီပေးဖို့ ကြိုးစားအားထုတ်မှုကို မြန်မာအာဏာပိုင်တွေနဲ့ အခြေတည်ဖွံ့ဖြိုးစ လူထုအဖွဲ့အစည်းတွေက ကိုယ်တွေ့ လေ့လာသိရှိခဲ့ရပါတယ်။

ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှုတွေအတွက် ၃ နှစ်တာ အထူး စေ့စပ်ဆွေးနွေးမှုက မြန်မာအရာရှိတွေနဲ့ ဒေသခံ လက်တွဲဖော်တွေကို နိုင်ငံတကာ အထူးသဖြင့် အာဆီယံခေါင်းဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ပိုမိုနားလည်စေပါတယ်။

အာဆီယံ ဥက္ကဋ္ဌတာဝန်က လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ပိုမိုကောင်းမွန်တဲ့ တွန်းအား ဖြစ်စေမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မီဒီယာအပေါ် လွတ်လပ်စွာပြောဆိုဝေဖန်ခွင့်ကို တားဆီးမှုတွေအတွက် အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရှိပေမယ့် အာဆီယံက မြန်မာကို ဆက်လက် ထောက်ခံမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ကောင်းမွန်တဲ့ အကြောင်းပြချက်တွေ ရှိနေပါတယ်။

အာဆီယံ အသိုင်းအ၀န်းအသေးစိတ် အစီအစဉ်အတွက် လက်ရှိမြန်မာရဲ့ ရပ်တည်ချက်ကအတ်ာလေး ကောင်းမွန်နေသလို နိုင်ငံရေးနဲ့ လုံခြုံရေး မဏ္ဍိုင်တွေမှာ တခြား အာဆီယံအဖွဲ့ဝင်တွေထက် အောင်မြင် တိုးတက်မှုတွေ ရှိနေပါတယ်။

ဒီအတွက် ဥပမာ ၂ ခုကို မီးမောင်းထိုးပြရမှာ ဖြစ်ပါတယ်။ ပထမတခုကတော့ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်ပြီးရင် မြန်မာက အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို တည်ထောင်နိုင်တဲ့ ၅ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါတယ်။

ကော်မရှင်က အထူးသဖြင့် မြေယာသိမ်း အငြင်းပွားမှုတွေ အပါအ၀င် လူအခွင့်အရေး ချိုးဖောက်မှု ဖြစ်ရပ် ၆၀၀၀ ကျော်လက်ခံရရှိထားပါတယ်။ ထိခိုက်မှု နည်းပါးတဲ့ ဖြစ်ရပ် ၂၀၀ ကျော်လောက်ပဲ စုံစမ်းစစ်ဆေးနိုင်ခဲ့ပါတယ်။

လူ့အခွင့်အရေး ကာကွယ်ရာမှာ ကွဲလွဲတဲ့မှတ်တမ်းတွေ ရှိနေပေမယ့် ကော်မရှင်က အလုပ်တွေကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သလို ဆက်ပြီး လုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။ ဒါအပြင် ကော်မရှင်က အောက်ခြေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ စေ့စပ်ဆွေးနွေးမှုကို ရှောင်ရှားခြင်း မရှိသလို တားမြစ်ထားတဲ့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း နားလည်မှုကို ပြသခဲ့ပါတယ်။

ဒုတိယတခုကတော့ ၂၀၁၂ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေး စင်တာဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေး အာဆီယံရဲ့ မူဝါဒလမ်းစဉ်နဲ့ သင့်တော်တဲ့ တခုတည်းသော အဖွဲ့လည်း ဖြစ်ပါတယ်။

လက်ရှိလုပ်ဆောင်နေဆဲ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွေ့အကြုံက အာဆီယံ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးအဖွဲ့အတွက် တကယ့်ကို အသုံးဝင်မှာလည်း ဖြစ်ပါတယ်။

လက်ရှိ အာဆီယံက နိုင်ငံရေးနဲ့ လုံခြုံရေး မဏ္ဍိုင်မှာ လုပ်ဆောင်ရမယ့် ၁၄၇ ချက်ထဲက ၁၂၄ ချက်ကို အကြမ်းဖျင်း လုပ်ဆောင်နိုင်ခဲ့ပေမယ့် မြန်မာက တချို့လုပ်ဆောင်ထားပြီးဖြစ်တဲ့ ပဋိပက္ခအလွန် ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုကိုတော့ အာဆီယံက လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။

ဥက္ကဋ္ဌအနေနဲ့ ပြည်တွင်းရေး ပြဿနာကိစ္စရပ်တွေ ရှေ့ဆက်ဖို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကိုတော့ စောင်ကြည့်ဖို့ ကျန်နေပါတယ်။

အထူးသဖြင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ စီစဉ်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ကိစ္စရပ်တွေ ဖြစ်ပါတယ်။  ၂၀၁၅ အလွန်ကာလမှာတော့  မြန်မာရဲ့ ပုံရိပ်နဲ့ အာဆီယံမှာ ရပ်တည်ချက်က ပိုပြီးရှင်းလင်းလာမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံထုတ် သည်နေရှင်းသတင်းစာပါ  အာဆီယံအရေးကျွမ်းကျင်သူ ၀ါရင့် သတင်းစာဆရာ က၀ီချောင်ကစ်တာဝေါင်ရဲ့ “Mid-term review of Myanmar's Asean chair” သုံးသပ်ချက်ဖြစ်ပါတယ်။ (ဘာသာပြန် - ကိုထွေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013