DVB Logo
Home
မြန်မာသတင်း
ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ပြည်တွင်းခရီးစဉ်များ ဖျက်သိမ်း
DVB
·
November 24, 2023
ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ပြည်တွင်းခရီးစဉ်များ ဖျက်သိမ်း
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် စီစဉ်ထားပြီး ပြည်တွင်း ခရီးစဉ်တွေကို ဖျက်သိမ်းတာတွေ ဆောင်ရွက်လာရတယ်လို့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။

ခရီးသွားကုမ္ပဏီတွေအနေနဲ့ စီစဉ် ရောင်းချထားပြီးဖြစ်တဲ့ ခရီးစဉ်တွေဖျက်သိမ်းရာမှာ လျော်ကြေးငွေ ပြန်အမ်းပြီး  ဖျက်သိမ်းဆောင်ရွက်ရသလို လက်ရှိနိုင်ငံရေး စစ်ရေးအခြေအနေတွေကြောင့် ပုံမှန်ခရီးစဉ်စီစဉ် ရောင်းချမှုတွေကိုလည်း လျော့ချ လာရတယ်လို ဆိုကြပါတယ်။

ပြည်တွင်းခရီးသွားလုပ်ငန်းရှင် တဦးက “ဒီလပြည့်နေ့ဝန်းကျင်မှာ မူလက ရည်မှန်းထားသလို ခရီးသည်တွေမရဘဲနဲ့ တချို့ ဒေသတွေမှာ  cancel တွေ ဖြစ်ကုန်တာတွေ ခရီးစဉ်နဲ့ ပတ်သက်ပြီး တော့ ဖျက်သိမ်းတာတွေ အခုရက်အတွင်းမှာ ကြုံတွေ့ရပါတယ်” လို့ ပြောပါတယ်။

အဓိကအားဖြင့် ပြည်တွင်းခရီးသွားတွေ သွားရောက်တာများတဲ့ ငပလီကမ်းခြေဒေသ ခရီးစဉ်တွေဟာ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တကျော့ပြန် တိုက်ပွဲတွေအရ ဒေသတွင်းသွားလာမူ ကန့်သတ်ချက်တွေကြောင့်  ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ခရီးစဉ်ဖျက်သိမ်းတာတွေ များစွာရှိခဲ့တယ်လို့ သိရပါတယ်။

ဝါရင့် ပြည်တွင်းခရီးသွားလုပ်ငန်းရှင် တဦးက “ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတော့ ငပလီဒေသမှာ ရှိနေတဲ့ ခရီးစဉ် ဖျက်သိမ်းတာတွေ တော်တော်များများ တွေ့ရပါတယ်။ ဟိုတယ်တွေမှာ ဘိုကင်လုပ်ထားတာတွေ ဖျက်လိုက်ကြတယ်ပေါ့နော်။ အဲဒီဒေသမှာ သွားလာမှုတွေ ကန့်သတ်မှုတွေ ထုတ်ထားတယ်လို့ ကျနော်တို့ သိရပါတယ်။ ခရီးသည်တွေ အနေနဲ့လည်း စိုးရိမ်မှု ဖြစ်ပေါ်ပြီးတော့ ခရီးစဉ်ဖျက်သိမ်းမူတွေ လုပ်လိုက်ပါတယ်။ ဒါကြောင့်မလို့ ဒီရက်ပိုင်းတွေ အတွင်းမှာ ခရီးစဉ် ဖျက်သိမ်းရတာတွေ ရှိပါတယ်” လို့ပြောပါတယ်။

ဒါပေမဲ့ ငပလီကမ်းခြေဒေသကို ကုန်လမ်းကနေ သွားလာမှုမှာသာ ကန့်သတ်မူတွေ ရှိနေပေမဲ့ လေကြောင်း ခရီး ပြေးဆွဲမှုတွေကတော့ ဆက်ရှိနေတယ်လို့ ပြောပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်နေတာပါ။

ဒါပေမဲ့ လက်နက်ကိုင် ပဠိပက္ခတွေ မရှိတဲ့ တချို့ဒေသတွေမှာလည်း  ပုံမှန်ခရီးသွားလာမှု  ဆက်ရှိနေပေမဲ့ လုံခြုံရေး စိုးရိမ်မှုကြောင့် ခရီးစဉ် ပယ်ဖျက်တာမျိုးတွေ ရှိနေတယ်လို့လည်း  သိရပါတယ်။

ခရီးသွားလုပ်ငန်းရှင် တဦးက “ပုံမှန်အတိုင်းကတော့ တခြားဒေသတွေဖြစ်တဲ့ ချောင်းသာတို့ ငွေဆောင်တို့ကတော့ အခု သွားနေကြတုန်းပဲ။ ဒီရက်တွေမှာပဲ ရှိနေပါတယ်။ ကျန်တဲ့ တောင်ကြီး မီးပုံပျံပွဲဆိုလည်း ကျင်းပနေတာဖြစ်တဲ့အတွက် သွားနေကြပါတယ်။ ဒါတွေကတော့ အများကြီး ထိခိုက်မှု မရှိပါဘူး။ ဒါပေမဲ့ မူလ မျှော်မှန်းထားသလောက်တော့ အများအပြားမဟုတ်ဘဲ။ ဒီလိုခရီးစဉ်တွေ အပေါ်မှာလည်း စိုးရိမ်မှုကြောင့် ခရီးစဉ် ပယ်ဖျက်တာမျိုးတွေ ကျနော်တို့ တွေ့နေရပါတယ်။ ခရီးသွားတွေကတော့ ရှိတော့ရှိနေသေးတယ်။ ဒါပေမဲ့မျှော်မှန်းထား သလောက် မများတဲ့ သဘောပါ”လို့ ပြောပါတယ်။

အခုကာလအတွင်း ပြည်ပခရီးသွား တိုးတက်ဝင်ရောက်လာဖို့  စစ်ကောင်စီနဲ့ ပြည်တွင်းခရီးသွား လုပ်ငန်းအသိုင်းအဝိုင်းက မျော်မှန်းထားပေမဲ့  လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ တွေအရ  ပြည်ပခရီးသည်တွေရဲ့ ခရီးစဉ် ကြိုတင်ဝယ်ယူမှုတွေလည်း  သိပ်မတွေ့ရှိရဘူးလို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် အထိအခိုက်များခဲ့တဲ့ မြန်မာ့ခရီးသွားလုပ်ငန်းဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်လည်း လက်ရှိအချိန်ထိ ထိခိုက် ကျဆင်း နေရဆဲပါ။

၂၀၁၉ ခုနှစ် ကိုဗစ် မတိုင်ခင် လေကြောင်းကနေ   ပြည်ပ ခရီးသွား ဝင်ရောက်မှုက ၁ ဒသမ ၇ သန်း  ဝန်းကျင်၊ နယ်စပ်ကနေ ဝင်ရောက်မှုက  ၂ သန်းကျော်နဲ့ ခရီးသည် ဝင်ရောက်မှု စုစုပေါင်း ၄ ဒသမ ၃ သန်းထိ ရှိခဲ့ပါတယ်။

အခုနှစ်မှာတော့ လက်ရှိ နိုင်ငံရေးအခြေအနေတွေအရ  ပြည်ပခရီးသွား ဝင်ရောက်မှုကို  ၂၀၂၉ ခုနှစ်က ဝင်ရောက်ခဲ့တဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ၄ သိန်းကနေ ၅ သိန်းခန့်သာ  ဝင်ရောက်နိုင်တယ်လို့  ပြည်တွင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက မျှော်မှန်းထားကြတာပါ။

အခုနှစ်မှာ မူဆယ်၊ မြဝတီ၊ ကော့သောင်း နယ်စပ်တို့မှာ ပြည်ပခရီးသွား အထိုက်အလျောက် ဝင်ရောက်မှုရှိပေမဲ့ နယ်စပ်ဂိတ်တချို့ကို ပြည်ပ ခရီးသွားဝင်ရောက်မှု ပိတ်ထားဆဲ ဖြစ်တာကြောင့် နယ်စပ်က ခရီးသွားဝင်ရောက်မှု နည်းပါးနေဆဲဖြစ်ပြီး လေကြောင်းခရီးစဉ် ဈေးနှုန်း ကြီးမြင့်မှုတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်လည်း လေဆိပ်ကနေ ပြည်ပခရီးသွားဝင်ရောက်မှုကလည်း လျော့ကျနေဆဲလို့ ခရီးသွားလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ကိုဗစ်ကာလကတည်းက နလန်မထူနိုင်သေးတဲ ပြည်တွင်းခရီးသွားလုပ်ငန်းကို ပြန်လည် လည်ပတ်လာနိုင်ဖို့ စစ်ကောင်စီနဲ့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက မျှော်လင့်နေပေမဲ့ မြန်မာ့ခရီးသွားလုပ်ငန်းက နိုင်ငံရေး တည်ငြိမ်မှုရှိမရှိ အပေါ်မှာ တိုက်ရိုက် အချိုးကျနေပြီး ခန့်မှန်းရခက်တဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက သုံးသပ် ထားကြပါတယ်။

စစ်ကောင်စီ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့  ကိန်းဂဏန်း‌တွေအရ အခုနှစ် ဇန်နဝါရီလက စတင်ပြီး ဇူလိုင်လအထိ ပထမ ၇ လအတွင်း  မြန်မာနိုင်ငံကို နိုင်ငံတကာ ခရီးသွား ဧည့်သည် စုစုပေါင်း ၆၀၉၆၉၀  ဦး ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကာလတူက ဝင်ရောက်ခဲ့တဲ့ ခရီးသွားဧည့်သည် ၁၀၄၃၃၇ ဦးနဲ့ နှိုင်းယှဉ်ရင် အခုနှစ်မှာ ပြည်ပခရီးသွားဦးရေ ၅၀၀၀၀၀ ကျော်  ပိုမိုတိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် တိုးတက်ဝင်ရောက်လာခဲ့တယ်ဆိုပေမဲ့ ကို‌ဗစ်ကပ်ရောဂါနဲ့ စစ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က  မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ခရီးသွားဧည့်သည် ၄ ဒသမ ၃ သန်းဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် ၉၀ ရာခိုင်နှုန်း ဝန်းကျင်လောက် လျော့ကျနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013