DVB Logo
Home
Lead Story
စင်ကာပူ ဝန်ကြီးချုပ်လောင်း လောရန့်စ်ဝေါင်း
DVB
·
November 24, 2023
စင်ကာပူ ဝန်ကြီးချုပ်လောင်း လောရန့်စ်ဝေါင်း
Donate to DVB

စင်ကာပူနိုင်ငံရဲ့ လက်ရှိအာဏာရ People’s Action Party (PAP) ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဝန်ကြီးချုပ် လီရှန်လွန်းဟာ အခုလာမယ့် တစ်နှစ်အတွင်း ဝန်ကြီးချုပ်ရာထူးကနေ အနားယူမှာဖြစ်ပြီး လက်ရှိ ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ PAP ပါတီရဲ့ ဒု-အထွေထွေအတွင်းရေးမှူး လောရန့်စ်ဝေါင်းကို ဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပြောင်းပေးတော့မယ်လို့ ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၅ ရက်နေ့က ပြောခဲ့ပါတယ်။ ၂ နှစ် တစ်ကြိမ် ကျင်းပတဲ့ ပါတီရဲ့ ဆုပေးပွဲနဲ့ အစည်းအဝေးအခမ်းအနားမှာ ပါတီဝင်ပေါင်း ၁၀၀၀ ကျော်ရဲ့ရှေ့မှာ မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ဖြစ်မယ်ဆိုရင် ပါတီရဲ့ နှစ် ၇၀ ပြည့်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ အပြီးသတ်လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီ ရာထူးလွှဲပြောင်းမှုမှာ စိတ်ဝင်စားစရာအကောင်းဆုံး အပိုင်းကတော့ ရာထူးလွှဲပေးပြီး နောက်တစ်နှစ် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ စင်ကာပူအထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်သစ်ဟာ ရာထူးလွှဲပြောင်းယူပြီး တစ်နှစ်အတွင်း လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဦးဆောင်ကြိုတင်ပြင်ဆင်ရမှာဖြစ်ပါတယ်။

လောရန့်စ်ဝေါင်းဟာ အခုလက်ရှိမှာ စင်ကာပူရဲ့ ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်သလို စင်ကာပူငွေကြေးအာဏာပိုင် အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ နိုင်ငံရေးလောကထဲကို မဝင်မီ သူဟာ စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်းမှာလည်း ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ကိုယ်ရေးအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ထဲမှာ နိုင်ငံရေးလောကထဲကို စဝင်လာခဲ့တဲ့ မစ္စတာဝေါင်းဟာ စင်ကာပူနိုင်ငံ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနဲ့ လူငယ်များဆိုင်ရာ ဝန်ကြီး၊ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ဆိုင်ရာ ဒုတိယဝန်ကြီး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး၊ ဘဏ္ဍာရေး ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ပညာရေးဝန်ကြီးတို့အဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၂၁ ဧပြီလ ၈ ရက်နေ့မှာ ဒုဝန်ကြီးချုပ်ဟန်းဆွီခိက PAP ပါတီ စတုတ္ထမျိုးဆက် (4G) အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်ကနေ အနားယူခဲ့သလို ဝန်ကြီးချုပ်တာဝန်ကိုလည်း ဆက်ခံယူမှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက် ဧပြီလ ၁၄ ရက်နေ့မှာ မစ္စတာဝေါင်းဟာ PAP ပါတီ 4G အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ 4G အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ မစ္စတာဝေါင်းဟာ  ဝန်ကြီးချုပ်လီရဲ့ နေရာမှာ ဆက်ခံတာဝန်ယူဖို့လည်း သေချာလာခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာတော့ စင်ကာပူအစိုးရအဖွဲ့အတွင်း ရာထူးနေရာ အရွှေ့အပြောင်းတွေ ဆောင်ရွက်ခဲ့ပြီး မစ္စတာဝေါင်းဟာ ဒုဝန်ကြီးချုပ်နဲ့အတူ ပူးတွဲ ဒုဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ တပြိုင်နက်တည်းမှာ ဝန်ကြီးချုပ် မရှိချိန်တွေမှာ တာဝန်ယူရမယ့် ယာယီ ဝန်ကြီးချုပ်လည်း ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ဝန်ကြီးချုပ်လီက ပြောကြားလိုက်ပြီးနောက်မှာ မစ္စတာ ဝေါင်း အနေနဲ့ ဝန်ကြီးချုပ် တာဝန်ယူပြီး ၁ နှစ်အတွင်း လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်ပါမလားဆိုတဲ့ သံသယတွေ ရှိလာကြပါတယ်။ အခုလိုအချိန်ဟာ ဝန်ကြီးချုပ်အသစ်အတွက် နောက်လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်နည်းလွန်းတယ်လို့ Channel News Asia ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

တကယ်တော့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို ၂၀၁၂ ခုနှစ်လောက်ကတည်းကစပြီး မစ္စတာလီက သူ အသက် ၇၀ ပြည့်တဲ့ ၂၀၂၂ ခုနှစ်လောက်မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ကိုဗစ်-၁၉ ကပ်ဘေး ပေါ်လာခဲ့တာကြောင့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲအတွက် အချိန်ပိုယူခဲ့ရတယ်လို့ Channel News Asia ရဲ့ နောက်ထပ် ဆောင်းပါးတစ်ခုမှာ ဖော်ပြခဲ့ဖူးပါတယ်။ ၂၀၂၀ ပြည့်နှစ်က ဖော်ပြခဲ့တဲ့ အဲဒီဆောင်းပါးထဲမှာပဲ စင်ကာပူအမျိုးသားတက္ကသိုလ်ရဲ့ လူမှုရေးသိပ္ပံဌာနက တွဲဖက်ပါမောက္ခ တန်အန်ဆာက လက်ရှိအာဏာရပါတီရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီနဲ့ ၂၀၂၄ ခုနှစ် အလယ်လောက်မှာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။

တကယ်လို့ ရွေးကောက်ပွဲမှာ PAP ပါတီ ထပ်အနိုင်မရခဲ့ရင်ရော ဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။ PAP ပါတီအတွက် မဲအရေအတွက် ၆၁ ရာခိုင်နှုန်းအထက်ရမှသာ မစ္စတာ ဝေါင်းအတွက် အခြေအနေကောင်းမှာဖြစ်ပြီး ၆၁ ရာခိုင်နှုန်းအောက် ကျခဲ့မယ်ဆိုရင်လည်း ဒါဟာသူ့ အပြစ်တော့ မဟုတ်ပါဘူး။

PAP ပါတီရဲ့ လတ်တလော အရှုပ်တော်ပုံတွေကြောင့် လူထုကြားမှာ လက်ရှိအာဏာရပါတီအပေါ် ယုံကြည်မှု လျော့နည်းလာနေပြီး လာမယ့်ရွေးကောက်ပွဲမှာ PAP ပါတီ အရေးနိမ့်ခဲ့ရင် မစ္စတာဝေါင်းအပေါ်  အပြစ်ပုံချတာဟာ မတရားရာကျနေပါလိမ့်မယ်။

အခုချိန်မှာ မစ္စတာဝေါင်း ပြင်ဆင်ရမယ့် အရေးဟာ လာမယ့် ရွေးကောက်ပွဲအတွက် မဟုတ်ဘဲ၊ အခုလာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးရင် နောက်ထပ်ကြုံရမယ့် ရွေးကောက်ပွဲအတွက်ကို ကြိုတင်ပြင်ဆင်ထားရတော့မှာ ဖြစ်ပါတယ်။

ခေါင်းဆောင်ပိုင်းနေရာကို လွှဲပြောင်းပေးမယ့် အချိန်ဇယားလည်း ထွက်လာပြီဖြစ်တာကြောင့် မစ္စတာဝေါင်းဟာ စင်ကာပူနိုင်ငံသားတွေရဲ့ စိတ်ထဲကိုရောက်ဖို့ အစွမ်းကုန်ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီ ရမယ့်အချိန် ၁၂ လ လောက်အတွင်းမှာ သူဟာ ဘယ်လိုခေါင်းဆောင်မျိုးလဲ ဆိုတာ စင်ကာပူနိုင်ငံသားတွေ သိအောင် ပြရမှာဖြစ်သလို၊ စင်ကာပူနိုင်ငံသားတွေရဲ့ ယုံကြည်မှုကိုလည်း တည်ဆောက်ရယူရမှာ ဖြစ်ပါတယ်။

မစ္စတာဝေါင်းဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာ စင်ကာပူနိုင်ငံသားတွေ မျှော်လင့်ထားတဲ့ ခိုင်မာမှန်ကန်တဲ့ ခေါင်းဆောင်မှုကို ပြသဖို့ လိုပါတယ်။ အဲဒီအတွက် အချိန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပေမဲ့  သူ့အတွက် လုံလောက်တဲ့အချိန်မရှိဘူးလို့ စင်ကာပူအခြေစိုက် CNA သတင်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဘာသာပြန်- ဥဿာဆန်း 

Ref:CNA/Wikipedia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013