DVB Logo
Home
မြန်မာသတင်း
တလအတွင်း ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၁၀၀၀ ကျော် အင်ဒိုနီးရှားကမ်းခြေရောက် 
DVB
·
November 23, 2023
တလအတွင်း ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၁၀၀၀ ကျော် အင်ဒိုနီးရှားကမ်းခြေရောက် 
Donate to DVB

ရိုဟင်ဂျာ လှေစီးဒုက္ခသည် အယောက် ၂၀၀ ကျော်လိုက်ပါလာတဲ့ စက်လှေတစီး အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ထပ်မံရောက်ရှိလာပြီး အခုနိုဝင်ဘာလအတွင်းမှာ ၁၀၀၀ ကျော်ရှိသွားပြီလို့ အင်ဒိုနီးရှား အန်ဂျီအိုအဖွဲ့ Kontras ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အန်ဂျီအိုအဖွဲ့   Kontras ဟာ  အင်ဒိုနီးရှားကမ်းခြေကို ရောက်လာတဲ့ ဒုက္ခသည်တွေကို ကြိုဆို ကူညီပေးနေတဲ့အဖွဲ့ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်ညက ဆာဘန်းကျွန်းကို ကလေးငယ် ၅၉ ယောက်အပါအဝင် ရိုဟင်ဂျာ ၂၁၉ ယောက် ရောက်ရှိလာတာလို့ဆိုပါတယ်။ 

နိုဝင်ဘာလ ၁၉ ရက် တနင်္ဂနွေနေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို မြန်မာနိုင်ငံက ရိုဟင်ဂျာ ၅၀၀ ကျော်ထပ်မံရောက်ရှိလာခဲ့ပါတယ်။

ဘီရအန်၊ ပီဒီနဲ့ အရှေ့အာချေး အစရှိတဲ့ အာချေးဒေသနေရာအနှံ့အပြားကို အလုံးအရင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေကြောင့် ဒေသတွင်းက ရင်းမြစ်တွေမလောက်မင ဖြစ်နေရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ အရာရှိက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ပီဒီဒေသတွင်းက ယာယီစခန်းမှာ ရိုဟင်ဂျာတွေ နောက်ထပ် ရောက်ရှိလာတာကြောင့် အစစအရာရာ မလောက်မငဖြစ်နေပြီး အစိုးရက ယာယီအဆောက်အဦတွေ နောက်ထပ် ဆောက်လုပ်ပေးဖို့ကို စောင့်နေရတယ်လို့ သူက ပြောပါတယ်။

UNHCR အရာရှိ မူနာဝါရာတူလ်မတ်ခရာက  “ဒုက္ခသည်တွေဟာ ပင်လယ်ပြင်မှာ ရက်ပေါင်းများစွာ အနည်းဆုံး ရက်သတ္တနှစ်ပတ်မက ဒုက္ခရောက်လာခဲ့ကြတာမို့လို့ သူတို့ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ၊ ဆေးဝါးထောက်ပံ့မှုတွေ ရအောင် ဆောင်ရွက်ပေးထားပါတယ်။ တချို့ဆို ပင်လယ်ထဲမှာ ဖျားနာလာကြတာပါ။ ဒီမှာ သူတို့အတွက် လုံခြုံမှုရှိအောင်လည်း ဆောင်ရွက်ပေးထားပါတယ်”လို့ ပြောပါတယ်။

ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ နှစ်စဉ် ရာထောင်ချီပြီး  အင်ဒိုနီးရှားကို ရောက်ရှိလာကြတာဖြစ်ပြီး ဒေသခံတွေနဲ့ အင်ဒိုနီးရှားအာဏာပိုင်တွေက ကူညီ စောင့်ရှောက်ပေးထားတာဖြစ်ပါတယ်။

ဒေသခံတဦးက “ကျနော်တို့က ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေ ဖြစ်တာကြောင့် သူတို့ကို စားစရာ၊ သောက်စရာနဲ့ နေစရာတွေကို တတ်နိုင်သလောက်တော့ ယာယီကူညီပေးထားမှာပဲ။ ပြီးရင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ရောက်လာတဲ့အခါသူတို့က ဆက်ပြီးလုပ်သွားကြတာပေါ့။ ကျနော်တို့က သူတို့ကို လက်မခံချင်တာ မဟုတ်ပါဘူး။ တခါတလေ ကျနော်တို့ဆီမှာလည်း သူတို့အတွက် မျှပေးဖို့ မလောက်ငလို့ပါ”လို့ ပြောပါတယ်။

အခုလအတွင်း အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည် ကလေး ၄၆၅ ယောက် အပါအဝင် စုစုပေါင်း ၁၀၈၄ ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ရိုဟင်ဂျာ လှေစီးဒုက္ခသည်ပေါင်း ၃၅၀၀ လောက်ဟာ အန္တရာယ်ရှိတဲ့ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်တို့ကို ဖြတ်ကျော်လာခဲ့ကြပြီး  ၃၀၀ ကျော်က သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ စတင်တိုက်ခိုက်မှုကြောင့် စစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးလုပ်ခဲ့ရာမှာ  ရိုဟင်ဂျာ ၇၂၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ လည်းအခက်အခဲတွေကြုံတွေ့နေရတဲ့ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေဟာ အဖြစ်ဆောက်လုပ်ထားတဲ့ သစ်သားလှေတွေ၊ စက်လှေတွေနဲ့  အန္တရာယ်များတဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီး မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းတို့မှာ ပြောင်းရွှေ့နေထိုင်ဖို့  စွန့်စားထွက်ခွာနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013