
ရုရှား အယ်ဒီတာနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒီမစ်ထရီ မူရာတို့ဗ်ဟာ အာဏာပိုင်တွေက သူ့ကို ‘နိုင်ငံခြားအေးဂျင့်’ အဖြစ်စွပ်စွဲထားတဲ့ပေါ် ပယ်ဖျက်ဖို့ တရားရုံးမှာ တရားဝင်ကြိုးပမ်းချက် ရှုံးနိမ့်သွားပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့က တရားခွင့်မှာ တရားသူကြီးဟာ မူရာတို့ဗ်ရဲ့အယူခံအမှုကို ပယ်ချဖို့ အချိန် ၅ မိနစ်သာကြာခဲ့တယ်လို့ နိုဗာယာ ဂါဇက်တာ သတင်းစာက သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ပြောထားပါတယ်။
သူဟာ တရားမဝင်တဲ့ ဘယ်ကိစ္စကိုမှ မလုပ်ထားပေမဲ့ နိုင်ငံခြားအေးဂျင့်တွေလို့ ယူဆထားတဲ့ YouTube ချန်နယ်တွေမှာ စကားပြောထားတာတွေကြောင့် သူ့ကို နိုင်ငံခြားအေးဂျင့်လို့ သတ်မှတ်လိုက်တာ ဖြစ်ကြောင်း မူရာတို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။ သူ့အမြင်အရတော့ ရုရှားဖက်ဒရေးရှင်းမှာ သတင်းထောက်လုပ်ခွင့်ကို ပိတ်ပင်ထားပါတယ်လို့ သူက ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းနိုင်ငံကို ရုရှားတပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီးနောက်မှာ သမ္မတ ဗလာဒီမာပူတင်ဟာ အမှီအခိုကင်းတဲ့ သတင်းဌာနတွေကို ထုတ်ဝေခွင့်၊ ထုတ်လွှင့်ခွင့်တွေ ရပ်ဆိုင်းခဲ့ရာမှာ မူရာတို့ဗ်ရဲ့ သတင်းဌာနလည်း ရပ်ဆိုင်းခံခဲ့ရပါတယ်။
ရုရှားပါလီမန်ကလည်း လက်နက်ကိုင်တပ်ဖွဲ့တွေကို အသရေဖျက်ခြင်း သို့မဟုတ် သူတို့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှားတွေ ဖြန့်ဝေခြင်းတွေအပေါ် ပြင်းထန်တဲ့ ဥပဒေသစ်တွေကို အတည်ပြုခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ သတင်းသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ အတိုက်အခံ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို သူတို့ လက်မခံနိုင်စရာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ပါဝင်ဆောင်ရွက်ဖို့ ပြည်ပထောက်ခံမှုကို လက်ခံတယ် လို့ စွပ်စွဲပြီး နိုင်ငံခြားအေးဂျင့်လို့ တံဆိပ်ကပ်လေ့ရှိပါတယ်။
Source/Photo - Reuters










