
မြောက်ကိုရီးယားရဲ့ ပထမဆုံး သူလျှိုဂြိုဟ်တု လွှတ်တင်ခဲ့မှုကို ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ရှုတ်ချလိုက်ပါတယ်။
မြောက်ကိုရီးယားက မန်လိယုံ-ဝမ်း ဂြိုဟ်တုကို နိုဝင်ဘာ ၂၁ ရက် ည ၁၀ နာရီ ၄၂ မိနစ်မှာ ဆိုဟဲဂြိုလ်တုလွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့တာပါ။
ဒါဟာ ပထမဆုံး ထောက်လှမ်းရေးဂြိုလ်တုကို အခုနှစ်အတွင်း လွှတ်တင်ဖို့ မြောက်ကိုရီးယား အစိုးရရဲ့ တတိယအကြိမ် ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်အန္တရာယ်ကနေ ကာကွယ်ဖို့ ဂျပန်နိုင်ငံ တောင်ပိုင်းက ဒေသခံတွေအတွက် အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
အရေးပေါ် တပ်လှန့် သတိပေးစနစ်ကြောင့် ဂျပန်အစိုးရက အိုကီနာဝါမှာ နေထိုင်သူတွေ အဆောက်အဦတွေအထဲ ဒါမှမဟုတ် မြေအောက်ထဲမှာ အကာအကွယ်ယူကြဖို့ သတိပေး ပြောကြားပါတယ်။
ဒုံးကျည်ဟာ ဒေသစံတော်ချိန် ည ၁၀ နာရီ ၅၅ မိနစ်ဝန်းကျင်မှာ ပစိဖိတ်သမုဒ္ဒရာဘက်ဆီ ဖြတ်ကျော်ပျံသန်း သွားပုံရပြီး အရေးပေါ်သတိပေးချက်ကို ရုတ်သိမ်းလိုက်ပြီလို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး NHK ဂျပန်သတင်းမှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် တွေကို ချိုးဖောက်ပြီး ဂျပန်နိုင်ငံသားတွေရဲ့ ဘေးကင်းရေးကို ခြိမ်းခြောက်မှုပဲလို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန်က တာဝန်ရှိသူတွေက ဂြိုဟ်တုဟာ ကမ္ဘာ ပတ်လမ်းအတွင်း ချထားခြင်း ရှိ၊ မရှိ ချက်ချင်း အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
အမေရိကန်စစ်တပ်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှု အောင်မြင်မှု ရှိ၊ မရှိကို အကဲဖြတ်နေဆဲလို့ အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ ဆာဘရီနာ ဆင်းဂ်က ပြောခဲ့ပါတယ်။
Source/Photo - Reuters