DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းလိမ်လည်မှုဖြင့် ဖမ်းဆီးခံရသူ ၃၁၀၀၀ ကျော်ကို မြန်မာဘက်က တရုတ်ထံ လွှဲပေး
DVB
·
November 22, 2023
အွန်လိုင်းလိမ်လည်မှုဖြင့် ဖမ်းဆီးခံရသူ ၃၁၀၀၀ ကျော်ကို မြန်မာဘက်က တရုတ်ထံ လွှဲပေး
Donate to DVB

အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးရရှိခဲ့သူပေါင်း  ၃၁၀၀၀ ကျော်ကို မြန်မာနိုင်ငံဘက်ကနေ တရုတ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက  နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ကြောင်း ဆင်ဟွာသတင်းမှာဖော်ပြပါတယ်။

တရုတ်နိုင်ငံသားအ‌မြောက်အမြားကို ထိခိုက်‌‌နေတဲ့ မြန်မာနိုင်ငံ‌မြောက်ပိုင်း အခြေစိုက် အွန်လိုင်းလိမ်လည်မှုတွေကို ဖြိုခွင်းရာမှာ ဖမ်းဆီးရမိခဲ့တဲ့ သံသယရှိသူ စုစုပေါင်း ၃၁၀၀၀ ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး  ဖမ်းမိသူတွေထဲမှာ နောက်ကွယ်က ကြိုးကိုင်စေခိုင်းသူ၊ စီစဉ်သူ သို့မဟုတ် အရေးပါတဲ့အဖွဲ့ဝင်လို့ ယူဆရသူ ၆၃ ယောက်နဲ့ ဝရမ်းပြေးရာဇဝတ်သား ၁၅၃၁ ယောက်တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကနေ စတင်ကာ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနတို့ရဲ့ အမိန့်နဲ့  ဆစ်ဆောင်ပန်းနား၊ ပူအာနဲ့ လင်ကျန်းတို့လို ဒေသတွင်း ပြည်သူ့လုံခြုံရေး အာဏာပိုင်တွေက နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနတွေနဲ့ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို ဆောင်ရွက်ရာကနေ အွန်လိုင်းလိမ်လည်မှုနဲ့ သံသယရှိသူအ‌မြောက်အမြားကိုပါ ဖမ်းမိပြီး တရုတ်အာဏာပိုင်‌တွေဆီကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။

နိုဝင်ဘာလထဲမှာတော့ တရုတ်ပြည်သူ့လုံခြုံရေးအာဏာပိုင်တွေက မြန်မာဘက်က သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းလိမ်လည် လုပ်ငန်းတွေအပေါ် ပိုမိုပြင်းထန်တဲ့ ဖြိုခွင်းမှုတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ နိုဝင်ဘာလအတွင်း ဆောင်ရွက်ခဲ့တဲ့ ဖြိုခွင်းမှုတွေမှာလည်း အောင်မြင်မှုတွေများစွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသက အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်း၊ မြီကျွီလန်၊ မြီကျိန်းကျိန်းတို့ကို ဖမ်းဆီးရရှိခဲ့သလို ရာဇဝတ်ဂိုဏ်းအားလုံးရဲ့အကြီးဆုံးခေါင်းဆောင်ဖြစ်တဲ့ မြီရှောက်ချန်း ကတော့ ဖမ်းဆီးစဉ်မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။

နယ်ခြားဒေသမှာ လိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေတဲ့ ရာဇဝတ်ဂိုဏ်း အမြောက်အမြားကို အကြီးအကျယ် ပြင်းပြင်းထန်ထန်ဖြိုခွင်းကာ ဖမ်းဆီးရပ်တန့်နိုင်ခဲ့ပြီးလို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းက ရေးပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့မှာတော့ ဒေဟုန်းနယ်မြေက နယ်စပ်ဒေသ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းမှာ မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်မှာရှိတဲ့ အာဏာပိုင်တွေက အွန်လိုင်းလိမ်လည်မှုနဲ့ သံသယရှိသူ ၅၇၁ ယောက်ကို တရုတ်အာဏာပိုင်တွေဘက်ကို အပ်နှံခဲ့ပါတယ်။

နယ်စပ်ဒေသမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၉၈၂ ဦး၊ အမျိုးသမီး အယောက် ၆၀ ၊ စုစုပေါင်း ၁၀၄၂ ကို နိုဝင်ဘာ ၂၀ ရက်က  တရုတ်နိုင်ငံဘက်ကို လွှဲပေးခဲ့ကြောင်းနဲ့ အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၂၀ ရက်ထိ တရုတ်နိုင်ငံသား ၂၀၅၉ ဦးကို လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ် ဝါဒဖြန့်မီဒီယာတွေမှာ ပြောထားပါတယ်။

Source:Xinhua

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013