DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ပိတ်မိနေသည့် နိုင်ငံခြားသားများ တရုတ်မှတဆင့် နေရပ်ပြန်နိုင်ရန် လမ်းဖွင့်ထား
DVB
·
November 22, 2023
မြန်မာတွင် ပိတ်မိနေသည့် နိုင်ငံခြားသားများ တရုတ်မှတဆင့် နေရပ်ပြန်နိုင်ရန် လမ်းဖွင့်ထား
Donate to DVB

မြန်မာနိုင်ငံမြောက်ပိုင်းကိုးကန့်ဒေသမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ တရုတ်နိုင်ငံကနေတဆင့် နေရပ်ပြန်နိုင်ဖို့ လမ်းဖွင့်ပေးထားတယ်လို့  တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။

တချို့နိုင်ငံတွေက အကူအညီတောင်းထားကြတာကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းကနေ တရုတ်နိုင်ငံကို ဝင်ရောက်ကာ နေရပ်ပြန်နိုင်ကြဖို့ လမ်းဖွင့်ပေးထားတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်လင်းက နိုဝင်ဘာလ ၂၀ ရက် ဘေဂျင်းမှာ ပုံမှန်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ 

ပြောရေးဆိုခွင့်ရှိသူ မော်နင်းက “ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ တရုတ်ဟာ မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတွေအားလုံးကို အပစ်အခတ်ရပ်စဲကြဖို့ အစဉ်တိုက်တွန်းလျက်ရှိနေပါတယ်။ အခုလတ်တလောအတွင်း ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး တချို့နိုင်ငံတွေက တရုတ်နိုင်ငံကို အကူအညီတောင်းလာတာတွေ ရှိပါတယ်။ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ သူတို့ရဲ့ နိုင်ငံသားတွေကို တရုတ်နိုင်ငံကနေတဆင့် ကယ်ဆယ်နိုင်ဖို့ လမ်းဖွင့်ပေးထားပါတယ်။ နောက်ထပ်လည်း စိတ်ပူနေတဲ့ နိုင်ငံတွေနဲ့ ဆက်လက်ဆက်သွယ်ပြီး ကျမတို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးသွားမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားရာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့နေရာကို ရွှေ့ပြောင်းနေထိုင်ကြဖို့၊ ဒါမှမဟုတ် မိမိတို့ နေရပ်ကို ပြန်ကြဖို့  တရုတ်နိုင်ငံခြားရေးဌာနက တိုက်တွန်းပါတယ်။

လတ်တလော နယ်စပ်ဂိတ်တွေကနေ တဆင့် နေရပ်ပြန်လာတဲ့ တရုတ်နိုင်ငံသားတချို့ရှိလည်း ရှိနေပြီး လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ အခြေအနေကို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားဆက်ဆံရေးရုံးတွေကနေ အနီးကပ်စောင့်ကြည့်ကာ တရုတ်နိုင်ငံသားတွေကို အကူအညီတွေ ပေးသွားမယ်လို့လည်း မော်နင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တတ်နိုင်သမျှ အမြန်ဆုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိစေရေးနဲ့ ဘုံရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး တရုတ်နဲ့ ပူးပေါင်းပြီးဆောင်ရွက်ကြဖို့ မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပဋိပက္ခတွေ စဖြစ်ခဲ့တဲ့ အချိန်ကစပြီး တရုတ်ဟာ သက်ဆိုင်ရာအဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖော်ဆောင်ဖို့၊ ပြည်သူတွေရဲ့ သဘောထားကို လေးစားလိုက်နာဖို့၊ အပစ်အခတ်ရပ်စဲပြီး စစ်ပွဲအဆုံးသတ်ဖို့၊ အမြင်မတူတာတွေကို ဆွေးနွေးပြီးအဖြေရှာဖို့၊ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတာကို ရှောင်ကြဖို့ တိုက်တွန်းမှုတွေနဲ့ အပြုသဘောဆောင်ရပ်တည်ခဲ့တယ်လို့လည်းဆိုပါတယ်။ 

လူသားချင်းစာနာမှုဆိုင်ရာအရေးမှာလည်း မြန်မာဘက်က အခြေအနေတွေအပေါ် လိုက်လျောညီထွေ ကူညီနိုင်ဖို့ တရုတ်ဘက်ကနေ လူတွေ၊ ပစ္စည်းတွေ၊ ငွေကြေးတွေ အမြောက်အမြားသုံးပြီး စစ်ရှောင်ဒုက္ခသည်တွေကို ကူညီဖို့ရှိတယ်လို့ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ အောက်တိုဘာ ၂၇ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၂၀၀ ကျော်ကို တရုတ်နိုင်ငံကနေတဆင့် ထိုင်းနိုင်ငံကို ပြန်လည် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit - FMPRC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013