Home
မြန်မာသတင်း
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဖျက်သိမ်းခံရ
DVB
·
November 21, 2023

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုထားတာနေ ပယ်ဖျယ်ပြီး  ပါတီအားဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၂၀ ရက်မှာ ကြေညာပါတယ်။

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ (စ)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ ၂၀၂၃ မေလ ၃၀ ရက်ကနေ ဩဂုတ် ၂၇ ရက်အထိ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို ဥပဒေသတ်မှတ်ချက်အတိုင်း စည်းရုံးမှု မပြုနိုင်ခဲ့ဘူးလို့ ကော်မရှင်က အကြောင်းပြပါတယ်။

ဒါ့အပြင် ပါတီဝင်အင်အား ပြည့်မီရေးအတွက် အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လည် တင်ပြဖို့ အကြောင်းကြားခဲ့ပေမဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အင်အားစာရင်း တင်ပြ နိုင်မှုမရှိခြင်းတာကို စိစစ်တွေ့ရှိရလို့ နိုဝင်ဘာ ၂၀ ရက်က ကျင်းပတဲ့ ကော်မရှင် အစည်းအဝေးမှာ ပါတီကိုဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့  ကော်မရှင် ဥက္ကဋ္ဌ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေချိန် အခုလို ကိုးကန့် နိုင်ငံရေးပါတီတခုကို  ဖျက်သိမ်းလိုက်တာလည်းဖြစ်ပါတယ်။

မှတ်ပုံတင်လျှောက်ထားတဲ့ ခေတ်သစ်ပြည်သူ့ပါတီ (Modern People Party ) နဲ့ လေဘာပါတီ (Labour Party) တို့ကိုတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်တယ်လို့ ကော်မရှင်က နိုဝင်ဘာ ၂၀ ရက် နေ့စွဲနဲ့ပဲ သီးခြားထုတ်ပြန်ထားပါတယ်။  

စစ်ကောင်စီ ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရုံးတံခါးကို သော့ပိတ်ပြီး ဝန်ထမ်းတွေက အတွင်းမှာ ရုံးတက်နေရတယ်လို့  နိုင်ငံရေးပါတီတွေထံက သိရပါတယ်။

ရုံးတံခါးကို သော့ပိတ်ပြီး ဝန်ထမ်းတွေက အတွင်းမှာ ရုံးတက်နေတဲ့အတွက် ပါတီလူဦးရေစာရင်း သွားတင်တဲ့အခါမှာ တံခါးခေါက်ပြီး အော်ခေါ်မှ လူရှိမှန်းသိတဲ့အတွက် လူဦးရေစာရင်း ပေးတဲ့အခါမှာ အခက်ကြုံရတယ်လို့  မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ  ဦးကျော်စွာစိုးက ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာမသိမ်းခင်က ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဖျက်သိမ်းပြီး ဇန်နဝါရီ ၂၆ ရက်က ပါတီမှတ်ပုံတင်ခြင်းဥပဒေအသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဥပဒေထဲမှာ တစ်နိုင်ငံလုံးအဆင့်ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဝင် တစ်သိန်းအထိ ရှိရမယ့်အပြင် ပါတီရံပုံငွေ ကျပ်သိန်း ၁၀၀၀ ကိုလည်း ဘဏ်စာရင်းဖွင့်လှစ်ထားရမှာဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ်တွေမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကတော့ ပါတီဝင်လူဦးရေ ၁၀၀၀ နဲ့ ပါတီရန် ပုံငွေ ကျပ်သိန်း ၁၀၀ ဖွင့်လှစ်ထားရမှာပါ။

လက်ရှိမှာတော့ စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေ ပါတီမှတ်ပုံ ပြန်တင်နေကြတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနဲ့ မဲအရေအတွက်အများဆုံးအနိုင်ရရှိခဲ့တဲ့ NLD အပါအဝင် နိုင်ငံရေးပါတီတွေက ပါတီမှတ်ပုံပြန်တင်ခြင်းမရှိပါဘူး။ 

စစ်တပ်အာဏာသိမ်းပြီးနောက် အသစ်ပြင်ဆင်ထုတ်ပြန်ခဲ့တဲ့  ဥပဒေသစ်အရ မှတ်ပုံတင်ခွင့် ပြန်လျှောက်ထားတဲ့ နိုင်ငံရေး ပါတီပေါင်း ၆၄ ပါတီရှိပြီး  နိုဝင်ဘာ ၂၀ ရက်အထိ မှတ်ပုံတင်ခွင့်ပြုပြီး ပါတီပေါင်းက  ၄၂ ပါတီရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024