
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တရုတ်ခရီးစဉ်အပြီး မေ ၁၉ ရက်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပေကျင်းမြို့တော်ကို နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်လာခဲ့ပါတယ်။
ဒါဟာ အခုနှစ်အတွင်း ပူတင်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သလို ၂၅ ကြိမ်မြောက် တရုတ်ပြည် ခရီးစဉ်လည်း ဖြစ်ပါတယ်။
တချိန်တည်းမှာ တရုတ်-ရုရှား ချစ်ကြည်ရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂ နိုင်ငံ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ရှီကျင့်ဖျင်နဲ့ ပူတင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲတွေ စတင်နေပြီ ဖြစ်ပါတယ်။
အခုတခေါက် ပူတင်ရဲ့ ခရီးစဉ်ဟာ နိုင်ငံတကာမှာ ပိုပြီး အထီးကျန်ဆန်လာတဲ့ ရုရှားအတွက် တရုတ်နိုင်ငံက ဘယ်လောက်အထိ အရေးပါလာသလဲ ဆိုတာကို ပြသနေပါတယ်။
အခုလိုမျိုး တရုတ်နိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ဖူးတဲ့ ပူတင်က ရှီနဲ့ အခါအခွင့်သင့်တိုင်း အကြိမ်ရေ ၄၀ ထက်မက တွေ့ဆုံခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။
အဲဒီနောက် “မနှစ်မြို့စရာ ပြင်ပအခြေအနေတွေ ရှိနေတဲ့ကြားမှာတောင် ကျွန်ုပ်တို့ရဲ့ ညီညွတ်မှုနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုဟာ အားကောင်းပြီး အပြုသဘောဆောင်တဲ့ အရှိန်အဟုန်ကို ထင်ဟပ်စေပါတယ်” လို့ ပူတင်က မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ၂ နိုင်ငံကြား ဆက်ဆံရေးဟာ “အရင်က မရှိခဲ့ဘူးတဲ့ အမြင့်မားဆုံး အတိုင်းအတာ” ကို ရောက်နေပြီ ဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
တရုတ်သမ္မတ ရှီ ကတော့ အရှေ့အလယ်ပိုင်းစစ်ပွဲကို ရည်ညွှန်းပြီး ကမ္ဘာကြီးဟာ “အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တဲ့ တောရိုင်းဥပဒေ”ဆီ ပြန်ရောက်သွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း တုံ့ပြန်ပြောဆိုပါတယ်။
လက်ရှိမှာ တရုတ်ဟာ ရုရှားအတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်သလို ရေနံအများဆုံး ဝယ်ယူနေတဲ့ မဟာမိတ်နိုင်ငံတခုလည်း ဖြစ်ပါတယ်။
ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကြောင့် အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ သူတို့ရေနံတင်ပို့မှု ထက်ဝက်နီးပါးကို တရုတ်က ဝယ်ယူနေတာ ဖြစ်ပါတယ်။
အလားတူ ရုရှားကနေ တရုတ်ဆီကို သဘာဝဓာတ်ငွေ့ ကုဗမီတာပေါင်း ၅၀ ဘီလီယံအထိ တင်ပို့နိုင်ဖို့အတွက် ပိုက်လိုင်းအသစ် တည်ဆောက်ရေး စီမံကိန်းဟာ အဓိကထား ဆွေးနွေးမဲ့ အကြောင်းအရာတွေထဲမှာ ပါဝင်နေပါတယ်။
၂ ရက်တာ ခရီးစဉ်အတွင်း ပူတင်နဲ့ ရှီကြားမှာ စီးပွားရေး၊ ပညာရေးကနေ ခရီးသွားလာရေးအထိ ကဏ္ဍပေါင်းစုံ လွှမ်းခြုံထားတဲ့ သဘောတူစာချုပ်ပေါင်း ၄၀ လောက်ကိုပါ လက်မှတ်ရေးထိုးသွားဖို့ ရှိနေပါတယ်။










