DVB Logo
Home
မြန်မာသတင်း
မြန်မာအရေး အာဆီယံအတွက် ဖြေရှင်းရန်ခက်ခဲသည့်ပြဿနာဖြစ်ဟု ဖိလစ်ပိုင်သမ္မတပြော
DVB
·
November 20, 2023
မြန်မာအရေး အာဆီယံအတွက် ဖြေရှင်းရန်ခက်ခဲသည့်ပြဿနာဖြစ်ဟု ဖိလစ်ပိုင်သမ္မတပြော
Donate to DVB

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဟာ အာဆီယံအဖွဲ့အတွက် ကိုင်တွယ် ဖြေရှင်းဖို့ ခက်ခဲတဲ့ ပြဿနာတရပ်ဖြစ်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်ဖြစ်နေတာနဲ့အတူ ပြေလည်အောင် ဖြေရှင်းဖို့အတွက် တိုးတက်မှုအနည်းငယ်ပဲ လုပ်နိုင်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီမှာ အာရှပစိဖိတ်လုံခြုံရေးလေ့လာမှုစင်တာ (APCSS)က စီစဉ်တဲ့ ကျင်းပတဲ့ ဖိုရမ်တခုမှာတက်ရောက် ပြောကြားလိုက်တာဖြစ်ပြီး မြန်မာအရေးကို အာဆီယံက သန္နိဋ္ဌာန်ချမှတ် လုပ်နေပေမဲ့ ပြဿနာဟာ လူသားချင်းစာနာမှုဆိုင်ရာ သက်ရောက်မှုတွေ အပါအဝင် ရှုပ်ထွေးတယ်လို့ သမ္မတ မားကို့စ်က ပြောပါတယ်။

မြန်မာပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံအတွက် တွန်းအားအကြီးအကျယ် ရှိနေပေမဲ့ အရမ်းကို ခက်ခဲတဲ့ ပြဿနာဖြစ်တယ်လို့ မားကို့စ်က ပြောပါတယ်။

လက်ရှိ  မြန်မာပြည်မှာ ပိုမိုတိုးပွားလာနေတဲ့ စစ်ပွဲတွေကို ရည်ညွှန်းပြီး သမ္မတမားကို့စ်က သုံးသပ်ရာမှာ မြန်မာစစ်အာဏာရှင်အနေနဲ့ သူ့ရဲ့စစ်တပ်ထဲမှာတောင် ထောက်ခံမှု ဆုံးရှုံးနေပြီဖြစ်တယ်လို့  ပြောပါတယ်။

မြန်မာပဋိပက္ခရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုဟာ လတ်တလောနှစ်တွေမှာ အဆမတန်ကြီးထွားလာခဲ့ပြီး ဖိလစ်နိုင်ငံအပေါ်မှာလည်း သက်ရောက်မှုရှိခဲ့ကာ ဖိလစ်ပိုင်နိုင်ငံသားတွေလည်း လူကုန်ကူးခံခဲ့ရတယ်လို့ ဖိလစ်ပိုင်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နှိမ်နင်းခဲ့တဲ့အတွက်  ပြည်သူတွေက ရရာလက်နက်စွဲကိုင်ပြီး တော်လှန်နေကြတာမှာ ပိုမိုအားကောင်းလာနေပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပါဝင်တဲ့  စစ်ဆင်ရေးတွေလည်း  နိုင်ငံအနှံ့ ဆင်နွှဲနေပါတယ်။

မြန်မာနိုင်ငံမှာ  စစ်တပ် အာဏာသိမ်းပြီးနောက်  နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူပေါင်းကလည်း ၂ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ UNOCHA က ထုတ်ပြန်ထားပါတယ်။

အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာဘက်က လိုက်နာ အကောင်အထည်ဖော်တာ မရှိဘူးဆိုပြီး မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အာဆီယံအဖွဲ့က ထိပ်သီးအစည်းအဝေးနဲ့ တခြား အရေးပါတဲ့ အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပေးဘဲ  ထိုင်ခုံနေရာ ချန်လှပ်ထားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လာမယ့် ၂၀၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်  မြန်မာနိုင်ငံအစား တာဝန်ယူဆောင်ရွက်ဖို့ ရှိနေပါတယ်။

Source: Reuters

Photo Credit- BongbongMarcos Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013