DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့ခံအချို့ ကားငှားခဈေးမတတ်နိုင်သဖြင့် မြို့ကိုစွန့်ခွါ စစ်ဘေးရှောင်ရန် အခက်ကြုံ
DVB
·
November 20, 2023
လွိုင်ကော်မြို့ခံအချို့ ကားငှားခဈေးမတတ်နိုင်သဖြင့် မြို့ကိုစွန့်ခွါ စစ်ဘေးရှောင်ရန် အခက်ကြုံ
Donate to DVB

တိုက်ပွဲတွေပြင်းထန် ဖြစ်ပွားနေတဲ့  ကယား(ကရင်နီ)ပြည်နယ်၊ မြို့တော် လွိုင်ကော်မှာ  အငှားကားခ ဈေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် မြို့ကနေစွန့်ခွါဖို့ ဒေသခံတွေ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က နေ့စဉ် လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေသလို ကရင်နီတပ်ဖွဲ့တွေကလည်း မြို့ကိုစွန့်ခွါကြဖို့ပြောထားတဲ့အတွက် မြို့ခံ အရပ်သားပြည်သူ ၈၀ ရာခိုင်နှုန်း စစ်ရှောင်နေကြတာပါ။

ကားငှားခတွေ  ဈေးနှုန်း မြင့်တက်နေလို့ မြို့ကနေ မထွက်နိုင်ဘဲ ပိတ်မိနေတဲ့ ပြည်သူတွေရှိနေဆဲဖြစ်ပြီး ကားသမားတွေက ကားငှားခတွေ  ကျပ်  ၈ သိန်းကနေ ကျပ် ၁၂ သိန်းအထိ တောင်းနေကျလို့ မတတ်နိုင်တဲ့ ပြည်သူတွေ အခက်တွေ့နေကြတယ်လို့ ဒေသခံက ဆိုပါတယ်။

ဒေါတမရပ်ကွက်နေ အမျိုးသမီးတဦးက "ကျမတို့ရပ်ကွက်ထဲမှာ ပိတ်မိတဲ့သူတွေများတယ်။ အသက်ကြီးတဲ့သူတွေနဲ့ အိမ်စောင့်ကျန်ခဲ့တဲ့သူတွေပါ။ အခုက စစ် (--) တွေ လေယာဉ်နဲ့ရော ၅၄ တပ်ကပါ လက်နက်ကြီးနဲ့ပါ ထုနေတာ။ စစ်ရှောင်ဖို့ကျတော့လည်း ကားငှား ခတောင် မတတ်နိုင်လို့  ဆက်နေ နေရတယ်”လို့  ပြောပါတယ်။ 

လက်ရှိ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်နေတာနဲ့ လမ်းခရီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတာကြောင့် ကားငှားခတွေ အခုလို အဆမတန်မြင့်တက်နေရတာလို့ ကားသမားတွေဘက်က ပြောပါတယ်။

လွိုင်ကော်မြို့နေ အငှားကားပြေးဆွဲနေသူတဦးက "ဆီဈေးလည်းတက်တယ်ဗျ။ စစ်အတွင်းမှာ လုပ်ကိုင်စားသောက်ရတာဆိုတော့ အခက်အခဲတွေမှအများကြီး။ လမ်းတစ်လမ်းထဲကို ဦးတည်မောင်းလို့ မရဘူး။ အခုဒီလမ်းက သွားနေပေမဲ့ အစစ်အဆေးနဲ့ အပစ်အခတ်တွေရှိလာရင် နောက်ထပ် တစ်လမ်းရှာသွားရတာ။ အဲ့ဒါကြောင့် ဈေးကတက်သွားတာ”လို့ ပြောပါတယ်။

လွိုင်ကော်မြို့ခံပြည်သူတွေဟာ  လွိုင်ကော်မြို့နယ်နဲ့ မိုင် ၁၀၀ ဝန်းကျင်လောက်သာဝေးတဲ့ ဆီဆိုင်၊ အောင်ပန်း၊ ညောင်ရွှေစတဲ့ နီးစပ်ရာ ဒေသတွေကို  စစ်ရှောင်နေကြတာဖြစ်ပါတယ်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ လွိုင်ကော်မြို့ကို နိုဝင်ဘာ ၁၁ ရက်ကနေ စတင်ပြီး ၁၁၁၁ စစ်ဆင်ရေးအဖြစ်တိုက်ခိုက်နေတာဖြစ်ပါတယ်။

လူဦးရေ ၅၀,၀၀၀  ကျော်လောက်ပဲရှိတဲ့  လွိုင်ကော်မြို့မှာ ၈၀ ရာခိုင်းနှုန်းကျော်ပမာဏဖြစ်တဲ့  လူဦးရေ ၄၀,၀၀၀ ကျော်လောက် မြို့ကို စွန့်ခွာ စစ်ဘေးရှောင်ကုန်ကြပြီး အယောက် ၅၀၀ လောက်သာ မြို့မှာကျန်ရစ်ခဲ့တယ်လို့ စစ်ရှောင်အကူအညီပေးရေးအဖွဲ့တွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013