မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သရက်ကိုင်းကျေးရွာနားမှာ စစ်ဘေးရှောင် ဒေသခံ အမျိုးသား ၆ ယောက်ကို စစ်တပ်က သတ်ဖြတ်ပြီးထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက သူတို့ကို ဖမ်းဆီးသွားတာဖြစ်ပြီး ညနေပိုင်းမှာတော့ သတ်ဖြတ်ပြီး အယ်လ်ဖာ ဘိလပ်မြေစက်ရုံကိုသွားတဲ့ ကွန်ကရစ်လမ်းကြောပေါ်မှာ စွန့်ပစ်ခဲ့တာကို နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
သေဆုံးသူတွေဟာ ဘယ်သူတွေလဲဆိုတော့ အတိအကျ အတည်ပြုလို့ မရသေးဘူးလို့လည်း ဒေသခံတယောက်က ပြောပါတယ်။
“၆ လောင်းထဲက ၃ ယောက်ကတော့ အခုလက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ကင်းကျေးရွာကလို့ သိရပြီးတော့ ကျန်တဲ့ ၃ ယောက်ကတော့ သရက်ကိုင်း ကျေးရွာသားတွေလို့တော့ သိရတယ်” လို့ ပြောပါတယ်။
သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကိုပါ ပစ်ခတ်သတ်ဖြတ်နေတာပါ။
နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ် ပတ်လည်အင်းကျေးရွာအနီးက စစ်အုပ်စုရဲ့ အထိုင်ဂိတ်စခန်းတခုကို ဒေသကာကွယ်ရေး တပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့နောက် အဲဒီနေရာကို စစ်ကူလာတဲ့ စစ်ကောင်စီ တပ်တွေဟာ ပတ်လည်အင်းကျေးရွာက လက်ဘက်ရည်ဆိုင်တခုမှာ ဒေသခံပြည်သူ ၁၁ ယောက်ကို အကြောင်းမဲ့ဝင်ရောက်ပစ်ခတ် သတ်ဖြတ်သွားခဲ့ပါတယ်။
မတ္တရာ နယ်ခံတယောက်က “စကစတွေက ပြည်သူကားတွေကို ချောဆွဲပြီး လာတာရှိတယ်။ ထိပ်ဆုံးကကားက အောက်ကံသာရွာသားတွေနဲ့ သိတဲ့ကား၊ သိတဲ့ကားဆိုတော့ ရွာသား ၃ ယောက်က ရှေ့မှာတိုက်ပွဲဖြစ်နေလို့ အဲကားကို ဆက်မသွားဖို့ လှမ်းပြီးတော့ အရပ်သားကားပဲထင်ပြီးတော့ လက်ပြတားလိုက်တာ။ တားလိုက်တော့ စခတွေက သူတို့ကားကို တားရမလားဆိုပြီးတော့ ပစ်တာပေါ့။ ပစ်ပြီးတော့ မကျေနပ်လို့ပြန်လှည့်လာပြီးတော့ ဒီ လက်ဘက်ရည်ဆိုင်ထဲမှာရှိတဲ့ ဆိုင်ပိုင်ရှင် ၂ ယောက်ရယ်၊ နောက်ပြီးတော့ တခြား စုစုပေါင်း ၁၁ ယောက်ကို ဒူးထောက်ခိုင်းပြီးတော့ ခေါင်းတွေချည်း တေ့ပြီးတော့ ပစ်သတ်သွားတယ်။ ပစ်သတ်ခံရတဲ့သူ အများစုကတော့ ရေနံ့သာကျေးရွာကလို့ သိရတယ်။ အဲနားက အောင်ကံသာကျေးရွာက လူတွေလည်းပါတယ်။ ပတ်လည်အင်းကျေးရွာက လူတွေလည်း ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ ပြည်သူတွေရဲ့ ကားတွေကို အတင်းအကြပ် ချောဆွဲအသုံးပြုနေသလို စစ်တပ်စခန်းချရာ နေရာတွေ၊ ယာဉ်တန်းတွေနဲ့ အနီးအနားမှာ ပြည်သူတွေ မနေထိုင်ကြဖို့ ဒေသကာကွယ်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။