DVB Logo
Home
မြန်မာသတင်း
ရွှေကျင်တွင် စစ်တပ်စခန်း ၁ ခု သိမ်းပိုက်ခံရ၊ ကျိုက်မရောက မြစ်ကူးတံတား ၁ စင်း ကျိုးကျ
DVB
·
November 18, 2023
ရွှေကျင်တွင် စစ်တပ်စခန်း ၁ ခု သိမ်းပိုက်ခံရ၊ ကျိုက်မရောက မြစ်ကူးတံတား ၁ စင်း ကျိုးကျ
Donate to DVB

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်က စစ်တပ်စခန်းတခုကို KNKA နဲ့ BPLA အပါအဝင် မဟာမိတ်တပ်တွေက သိမ်းပိုက်ခဲ့ပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ချောင်းနှစ်ခွ အတ္ထရံ မြစ်ကူးတံတား ပျက်စီးသွားလို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပါဝင်တဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့က ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျုံချောင်ရွာနားက တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ ၃၅၁ တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်း စခန်းတခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ BPLA တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မိနစ် ၂၀ ကြာလောက်အပြန်အလှန်ပစ်ခတ်ပြီးချိန်မှာ အထိနာသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို အတိအကျမသိရပေမဲ့ စခန်းတခုလုံးကို  မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းဘက်က သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ပွဲအပြီးမှာ ၆၀ မမ ၁ လက်၊ ၆၀ မမ ဗုံးသီး ၅၂ လုံး၊ Jumper ၁ ခု၊ စကားပြောစက် အကြီး ၁ လုံး၊ အီနာဂါ ၁၃ လုံး၊ လက်ပစ်ဗုံး အလုံး ၂၀၊ RPG သီး ၂၂ လုံး၊ RPG ပို့ယမ်း ၁၆ ခု၊ တင့်ဖျက် ၃ ခု၊ ၄၀ မမ သီး ၁၂ လုံး၊ မြေမြှုပ်မိုင်း ၉ လုံး နဲ့ ၅.၅၆ ကျည် ၁၁၂၈ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

မွန်ပြည်နယ်၊ မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမှာ အဓိက အရေးပါတဲ့ ချောင်းနှစ်ခွ-အတ္တရံမြစ်ကူးတံတားဟာ နိုဝင်ဘာ ၁၇ ရက် ညပိုင်းက ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တံတားတစင်းလုံး ရေထဲပြိုကျပြီး သွားလာလို့မရတော့သလို အဲဒီတံတားက စစ်ရေး အရရော၊ ကုန်စည်ကူးသန်းမှုအရ ဒေသအတွက် အရေးပါတဲ့ တံတား ဖြစ်တာကြောင့် ဒေသခံတွေအတွက်

အခက်အခဲအများကြီးကြုံရနိုင်တယ်လို့ သိရပါတယ်။

ဒေသခံတွေလည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရပြီး စစ်တပ်ဘက်က လေကြောင်းကရော၊ လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဖြိုချဖျက်ဆီးခံလိုက်ရသည့်တံတားဟာ KNLA နဲ့ PDF တွေ လွန်ခဲ့တဲ့ရက်ပိုင်းက သိမ်းပိုက်ပြီးနောက် ဖျက်ဆီးခံရတာဖြစ်ပြီး PDF တွေက မိုင်းခွဲတာလို့ ပြောဆိုတာ ရှိသလို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်လို့ ထိမှန်ပြိုကျသွားတာလို့လည်း တော်လှန်ရေးပူးပေါင်းတပ်တွေဆီက သိရပါတယ်။

ချောင်းနှစ်ခွ ရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်မိနေတာကြောင့် စစ်တပ်က လေကြောင်းကနေ အဆက်မပြတ် ပစ်ခတ်နေပြီး တိုက်ပွဲကြောင့် ချောင်းနှစ်ခွဆေးရုံ၊ ဈေးနဲ့ လူနေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသလို အရပ်သားတွေလည်း ထိခိုက်သေဆုံးတာတွေရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013