DVB Logo
Home
မြန်မာသတင်း
ကျွန်းစုနှင့်ထားဝယ်မြို့အဝင် တိုက်ပွဲတို့တွင် PDF ၂ ဦးနှင့် စစ်ကောင်စီဘက်က ၆ ဦး ကျဆုံး
DVB
·
November 17, 2023
ကျွန်းစုနှင့်ထားဝယ်မြို့အဝင် တိုက်ပွဲတို့တွင် PDF ၂ ဦးနှင့် စစ်ကောင်စီဘက်က ၆ ဦး ကျဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ၂ ဦး ကျဆုံးခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အောင်တိုဘာ ၁၆ ရက် မနက် ၁၀ နာရီလောက်က ဝါရစ်ကျေးရွာက လက်ဖက်ရည်ဆိုင် တဆိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးဘက်က တပ်သား ၂ ဦး ကျဆုံးခဲ့ကာ ကျန် ၅ ဦးမှာ ထွက်ပြေး လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

PDF နဲ့ နီးစပ်သူတဦးက “ရှေ့ရက်တွေက တိုက်ပွဲဖြစ်ပြီးတော့ မနေ့က အားလုံး ပြန်ဆုတ်လာကြပြီးပြီ။ သူတို့တပ်စိပ်တစိပ်ပဲ ဝါရစ်ရွာမှာ ကျန်ခဲ့တော့ စစ်သားတွေ အင်အားအများနဲ့ ဝင်လာတာ။ PDF တပ်ခွဲ-၂ က နှစ်ယောက်ကျတာ။ အလောင်းလည်း ပြန်ရပြီ။ ကျန် ၅ ဦးလည်း ပြန်ရောက်လာပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ ဝါရစ်ရွာတိုက်ခိုက်မှုမှာ PDF ဘက်က ၄ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရတယ်လို့ ရေးသားဖော်ပြထားပေမဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သေဆုံးသူ ၄ ဦးထဲမှာ အရပ်သား ၂ ဦးပါဝင်ပြီး စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ရတောင်ရွာသားတဦးက “PDF တွေ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း စစ်သားတွေက ကားနဲ့လာပြီး လက်ဖက်ရည်ဆိုင်ထဲကို ပစ်လိုက်တာ။ တကယ်သေတာ ၂ ဦးပဲ။ ပြည်သူနှစ်ဦးပါထည့်ပြီး PDF လို့ လုပ်ထားတာ” လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ရွာအပြင်ဘက်မှာ အသင့်စောင့်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက ဝါရစ်ကျေးရွာထဲကို လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင် သံဃာတော်တပါးနဲ့ အရပ်သားတချို့ လက်နက်ကြီးထိမှန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်သားတွေပစ်ပြီး ရွာထဲက ပြန်ထွက်လာတာနဲ့ အပြင်ကစစ်သားတွေက ရွာထဲကို လက်နက်ကြီးနဲ့ စပြီးပစ်ကြတာ။ စပါးရိတ်သမားတွေလည်း သေလူသေ နာတဲ့လူက နာကုန်တာ။ ဘုန်းကြီးတပါး ဒဏ်ရာရသွားတယ်လို့ကြားတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်က ကျွန်းစုမြို့နယ် မောင်းလှော်ကျေးရွာအုပ်စု မင်းဂုတ်ရွာမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီဘက်က ပျူစောထီးတဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သလို မင်းသန်းရွာနဲ့ ပြင်ဝန်းရွာတွေဘက်က ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကနေလည်း ကျွန်းစုမြို့နယ်၊ မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့မှာ စစ်ရေးအရှိန် မြှင့်လာမှာဖြစ်တာကြောင့် ပြည်သူတွေ စစ်ရေးသတိရှိကြဖို့ အသိပေးထားပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်ထိပ် ရေး-ထားဝယ်ကားလမ်းပေါ်မှာ ပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ  ပစ်ခတ်ခံရတာကြောင့် ယာဥ်ထိန်းရဲ ၂ ဦးနဲ့ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီ သိရပါတယ်။

အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ကို Dawei Guerrilla Revolutionary Force (DGRF) - တပ်ခွဲ ၂ က ကားနဲ့သွားရောက်ပစ်ခတ်ခဲ့တာလို့ DGRF က နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

DGRF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ''သူတို့အဲ့မြို့ပြင်မှာ စစ်ဆေးတာ ၃ ရက်လောက်ပဲ ရှိသေးတယ်။ အရင်တုန်းက မြို့ထဲမှာပဲ စစ်ဆေးတာ မြို့ပြင်ထွက်တာမရှိခဲ့ဘူး။ သွားပစ်တဲ့ချိန်က ပြည်သူတွေကို စစ်ဆေးတာပြီးတဲ့ချိန်ပါ'' လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက် မနက်ကလည်း ထားဝယ်မြို့ မောင်မယ်ရှောင်ကျေးရွာ အနီးရှိ ဘုရားမဲစစ်ကောင်စီဂိတ်ကို DGRF-တပ်ခွဲ ၂ က ၈၀ မမ နဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုရှိပေမယ့် အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013