DVB Logo
Home
မြန်မာသတင်း
ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ကြိုတင်ဝယ်ယူမှုများလာ
DVB
·
November 17, 2023
ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ကြိုတင်ဝယ်ယူမှုများလာ
Donate to DVB

ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူတွေအကြား ဆန်၊ ဆီနဲ့ စတဲ့အခြေခံစားသောက်ကုန် ကြိုတင်ဝယ်ယူစုဆောင်းမှုတွေ များလာတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ရှမ်းမြောက်တိုက်ပွဲတွေ စတင်ခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစလို့ စိုးရိမ်နေတဲ့ လူထုအကြား ဝယ်ယူစုဆောင်းတာတွေ တစတစ မြင့်တက်လာတာဖြစ်ပေမဲ့ အခုရက်ပိုင်းအတွင်း ဝယ်ယူမှု ပိုများလာဖြစ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်ကာလနဲ့ စစ်တပ်အာဏာသိမ်းတဲ့ ပထမရက်ကလို လုယက်ဝယ်ယူမှုများ မရှိဘူးလို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

ရန်ကုန်မြို့ခံတဦးက “ကြိုဝယ်ကြတာတွေတော့ ရှိတယ်။ တနိုင်ဝယ်ကြတာများတယ်။ ဈေးတွေကလည်း တက်နေတော့ အများကြီးလည်း မဝယ်ထားနိုင်ကြဘူး။ ပိုက်ဆံရှိတဲ့သူတွေကတော့ များများဝယ်ထားကြတာပေါ့” လို့ ပြောပါတယ်။

အဲဒီလို လူထုအကြား စိုးရိမ်မှုတွေနဲ့ ကြိုတင်ဝယ်ယူမှုတွေကြောင့် အဓိက အခြေခံစားကုန်ဖြစ်တဲ့ ဆန်ဈေးနှုန်းတွေကတော့ ရက်ပိုင်းအတွင်း သိသိသာသာ ဈေးမြင့်တက်လာပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှ ဆန်‌အရောင်းဆိုင် လုပ်ငန်းရှင်တဦးက “ဆန်ဈေး‌တွေက တက်တယ်။ တရက်ချင်းတက်နေတာ။ ရက်ပိုင်းအတွင်း တပြည် ငါးရာ၊ တထောင်လောက် ထပ်တက်တယ်။ တအိတ်ဆိုရင် တသောင်းကျော်၊ နှစ်သောင်းလောက် တက်တယ်။ ဒီထက် ထပ်တက်ဖို့ပဲရှိတယ်” လို့ ပြောပါတယ်။

တဖက်မှာလည်း အခုလို စိုးရိမ်တကြီး ဝယ်ယူစုဆောင်းမှုတွေကြောင့် ဈေးကွက်မှာ ပစ္စည်းပြတ်လပ်ပြီး ဈေးပိုတက်လာမှာကို ဝင်ငွေနည်း ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

တောင်ဥက္ကလာမြို့‌နေ အိမ်ရှင်မတဦးက “ခုကို ဈေးက တရက်ပြီးတရက် တက်နေပြီ။ စားနေကျ အရင် တပြည် ၄,၈၀၀ တန် ဆန်ကြမ်းက ၅,၆၀၀ ဖြစ်သွားတယ်။ ရက်ပိုင်းအတွင်းကို တက်သွားတာ။ အဓိကက မတည်မငြိမ်တွေဖြစ်ခဲ့ရင် ဝယ်မရ၊ ပြုမရနဲ့ ငတ်မှာကြောက်တာက တပိုင်း၊ ဆန်ဈေးထပ်တက်လာမှာ‌ ကြောက်တာက တပိုင်းနဲ့ ကြိုဝယ်ကြတော့ ဈေးကပိုတက်လာတာ” လို့ ပြောပါတယ်။

မြန်မာငွေတန်ဖိုးကလည်း လတ်တလောဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲ‌တွေ ဂယက်ကြောင့် တစတစ ထိုးကျလာပြီး ရွှေ၊ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေဈေးတွေနဲ့ အထွေထွေကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတာဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းမှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၃,၅၀၀ ကျပ်၊ ထိုင်းဘတ်ငွေက ၉၈ ကျပ်၊ တရုတ်ယွမ်ငွေက ၄၇၈ ကျပ် အသီးသီးရှိပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက ဈေးကွက်ပေါက်ဈေးနဲ့ယှဉ်ရင် အမေရိကန် တဒေါ်လာကို ကျပ် ၂၇၀၊ ထိုင်းဘတ်ငွေက ၇ ဒသမ ၅ ကျပ်၊ တရုတ်ယွမ်ငွေက ၂၈ ကျပ်အထိ ဈေးမြင့်တက်လာတာ တွေ့ရပါတယ်။

ရွှေဈေးကလည်း အောက်တိုဘာလအတွင်းက တကျပ်သားကို ၃,၄၆၅,၀၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ရာက ဒီကနေ့ ပြင်ပဈေးကွက်မှာ ကျပ် ၃၈ သိန်းဝန်းကျင်ထိ ရောက်ရှိလာပြီး သီတင်းသုံးပတ် ဝန်းကျင်အတွင်း ကျပ် ၃ သိန်းကျော် မြင့်တက်လာပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း (YGEA) က‌ေတာ့ ရွှေဈေးနှုန်း တည်ငြိမ်မှုမရှိအောင် ရွှေဈေးဖွင့်သူ၊ ဈေးကစားသူ၊ ကောလာဟလထုတ်လွှင့်ပြီး ရွှေဈေးမြင့်တက်လာအောင် လုပ်ဆောင်သူ‌ေတွကို တာဝန်ရှိသူတွေက ဖော်ထုတ်အရေးယူမှာဖြစ်ကြောင်း ဒီကနေ့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013