DVB Logo
Home
နိုင်ငံတကာ
ကုလသမဂ္ဂ၏ လောင်စာဆီတင်ကားများ ဂါဇာသို့ရောက်ရှိ
DVB
·
November 16, 2023
ကုလသမဂ္ဂ၏ လောင်စာဆီတင်ကားများ ဂါဇာသို့ရောက်ရှိ
Donate to DVB

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ကို အလုံးစုံ ပိတ်ဆို့ထားပြီးကတည်းက ပထမဆုံးဖြစ်တဲ့ ကုလသမဂ္ဂ လောင်စာဆီတွေ တင်ဆောင်လာတဲ့ ထရပ်ကားဟာ နိုဝင်ဘာ ၁၅ ရက်မှာ အီဂျစ်နိုင်ငံကနေ ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ဒါဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့ ရှားပါးပြတ်လပ်မှုကို လျော့ပါးသက်သာစေဖို့ ပမာဏ အနည်းငယ်သာ ဖြစ်ပါတယ်။

အစ္စရေးဟာ ကုလသမဂ္ဂ ထောက်ပံ့ရေး ဖြန့်ဖြူးရေး ထရပ်ကားတွေ အသုံးပြုဖို့အတွက် ဂါဇာကို ဒီဇယ်ဆီ ၂၄,၀၀၀ လီတာ (၆,၃၄၀ ဂါလံ) ကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပေမဲ့ ဆေးရုံတွေမှာ သုံးစွဲဖို့မဟုတ်ကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သတင်းရင်းမြစ်တခုအရ သိရပါတယ်။

လောင်စာဆီ လီတာ ၂၄,၀၀၀ ကနဦးပို့ဆောင်တာကို ၂ ရက်အတွင်း ဆောင်ရွက်ဖို့ ရည်ရွယ်ထားပြီး တရက်ကို လီတာ ၁၂,၀၀၀ စီ ခွဲဝေပေးကြောင်း နိုင်ငံတကာ သတင်းရင်းမြစ်တခုက ပြောပါတယ်။

အဲဒီပမာဏဟာ ဆေးရုံတွေအတွက်တောင် မဟုတ်ဘဲ အကူအညီတွေ ပို့ဆောင်ဖို့တောင် မလုံလောက်ပါဘူးလို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။

အပြင်ဘက်က အကူအညီပစ္စည်း တချို့တလေကို ဒေသတွင်းက ဂိုဒေါင်တွေဆီ ပေးပို့နိုင်လောက်တဲ့ ပမာဏပဲ ရှိတယ်လို့ ဆိုပါတယ်။

ရာဖာနယ်စပ်ဂိတ်ရဲ့ အီဂျစ်နိုင်ငံဘက်ခြမ်းမှာ ဂါဇာထဲကိုဝင်ရောက်ဖို့ နောက်ထပ် ထရပ်ကား ၂ စီး တန်းစီစောင့်ဆိုင်းနေပေမဲ့ ဘယ်အချိန်မှာ ဝင်ရောက်နိုင်မယ်ဆိုတာ မသိရသေးကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

အကန့်အသတ်နဲ့သာ ပို့ဆောင်ရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဟာ အောက်တိုဘာ ၂၁ ရက်ကတည်းက အီဂျစ်ကနေ ဂါဇာကို ဖြတ်ကျော်ရောက်ရှိလာခဲ့ပေမဲ့ လောင်စာဆီကို ခွင့်ပြုဖို့တော့ အစ္စရေးက ငြင်းဆိုခဲ့ပြီး ဟားမတ်စ်တွေမှာ လက်ကျန်အများအပြားကို ပိုင်ဆိုင်ထားတယ်လို့ ပြောခဲ့တာပါ။

ကုလသမဂ္ဂကလည်း လောင်စာဆီ သိုလှောင်ထားမှု အပြည့်အဝ ကုန်ဆုံးသွားတာကြောင့် ဂါဇာကမ်းမြောင်ဒေသအတွင်း ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေပေးခြင်း အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေကို မကြာခင်မှာ ရပ်ဆိုင်းရတော့မှာဖြစ်ကြောင်း မကြာသေးမီရက်ပိုင်းက သတိပေးခဲ့ပါတယ်။

ဆေးရုံမီးစက်တွေ လည်ပတ်နိုင်ဖို့နဲ့ ရေရရှိဖို့အပြင် ကယ်ဆယ်ရေးပစ္စည်းတွေကို ဖြန့်ဖြူးပေးဖို့အတွက် လိုအပ်တဲ့ လောင်စာဆီတွေ ပြတ်တောက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်သူ ၂ ဒသမ ၃ သန်းအတွက် အခြေအနေတွေ သိသိသာသာ ယိုယွင်းလာခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013