
ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် စစ်ကောင်စီတပ်စခန်းနဲ့ ပန်ဆိုင်းမြို့အနီး ရွာတွေဘက်က စစ်ကောင်စီတပ်တွေကို နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီကျော်လောက်မှာ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဖိုင်ကောင်း ဘုရားကျောင်းနဲ့ ခန်းမဆောင်တွေမှာ စစ်ကောင်စီတွေလာနား၊ လာခိုလှုံလို့ နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီကျော်ခန့်က MNDAA နဲ့ ပူးပေါင်း မဟာမိတ်အဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဖိုင်ကောင်းရွာ၊ ရေပူရွာ၊ ခါ့လျန်ရွာတွေထဲက ဘုရားကျောင်း ၃ ကျောင်း ပျက်စီးသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ၁၀၅ မိုင်ဘက်မှာ မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၃ ရက်က မုံးကိုးအနီး အချက်အချာကျနဲ့ စစ်ကောင်စီစခန်းရှိရာ လွယ်ဂျုံတောင်ကို MNDAA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းလိုက်ပြီးနောက် စစ်ကောင်စီတပ်တွေက ပန်ဆိုင်းမြို့အနီးနားက ရွာတွေဘက် တပ်ဆုတ်လာခဲ့တာလို့ ဆိုပါတယ်။
“ဒီမနက်လည်း တိုက်ပွဲဖြစ်နေဆဲပဲ။ စစ်ကောင်စီတွေ ဟိုကောင်းစထီးရွာမှာ ရှိနေကြတယ်” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ဖိုင်ကောင်းက ဘုရားကျောင်း၊ ခန်းမဆောင်၊ အောက်ဘက် ပြတင်းပေါက်တွေပါ အကုန်ကွဲကုန်ပြီး ကြေမွနေပြီဖြစ်ကာ ခါ့လျန်ရွာက ဘုရားကျောင်းက ဘုရာကျောင်းသစ်တက်ပွဲ (အနုမောဒနာ) တောင် မလုပ်ရသေးဘဲ ပျက်စီးသွားခဲ့ပြီလို့ သူက ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်မှုများပြီး သူတို့ လူနာနဲ့ အလောင်းတွေကို သူတို့ဆင်းလာရာ လမ်းကြောတလျှောက် ဒီတိုင်းပဲ ထားခဲ့ကြတယ်လို့ ဆိုပါတယ်။
ပန်ဆိုင်းနဲ့ မုံးကိုးကြားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကစပြီး စစ်ကောင်စီနဲ့ MNDAA ပူးပေါင်းမဟာမိတ်အဖွဲ့အကြား တိုက်ပွဲ ပြင်းထန်နေပြီး စာသင်ကျောင်းနဲ့ လူနေအိမ် အများအပြားလည်း ထိခိုက်ပျက်စီးမှု ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း နိုဝင်ဘာ ၁၄ ရက်ကနေ ၁၉ ရက်နေ့အထိ MNDAA နဲ့ AA ညီနောင်အဖွဲ့က စစ်ကောင်စီတပ်စခန်း အကြီး၊ အသေး စုစုပေါင်း ၁၄၄ ခုကို သိမ်းပိုက်ထားကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။