DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ၊ လွိုင်ကော်၌ စစ်တပ်က စစ်ရှောင်များကို ပစ်ခတ်
DVB
·
November 15, 2023
ကရင်နီတွင် စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ၊ လွိုင်ကော်၌ စစ်တပ်က စစ်ရှောင်များကို ပစ်ခတ်
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်မှာ နိုဝင်ဘာ ၁၁ ရက်ကစပြီး ဖော်ဆောင်နေတဲ့ ၁၁၁၁ စစ်ဆင်ရေးရဲ့ ၃ ရက်နဲ့ ၄ ရက်မြောက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ တပ်မ ၆၆ က တပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာ ၁၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့မှာ တပ်ခွဲမှူး ကောင်းမြတ်ကို ဦးဆောင်တဲ့ တပ်ဖွဲ့က တပ်သား ၃၂ ဦးဟာ KNDF တပ်ဖွဲ့မှာ လက်နက်ချ အညံ့ခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ချသူတွေဟာ ကရင်နီပြည်နယ်မှာ အဓိကတိုက်ခိုက်နေတဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၆ နဲ့ ခမရ ၄၂၅ တပ်ရင်းက တပ်သားတွေဖြစ်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်သား ၁၁၀ ကျော် သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ် အစုံအလင် ၁၂၈ လက်နဲ့ ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဥက္ကဋ္ဌ ခွန်းဘီထူးက“သင့်တော်တဲ့ ထိန်းသိမ်းစောင့်ရှောက်ထားမှုနဲ့ နိုင်ငံတကာ စစ်ဥပဒေနဲ့အညီ သတ်ဖြတ်မှုတွေ ရှောင်ရှားပြီး ထိန်းသိမ်းထားတယ်ဆိုတာ ပြောလိုပါတယ်။ နှစ်ဖက်တိုက်ခိုက်နေချိန်မှာ ရန်သူဖြစ်ပေမဲ့ လက်နက်ချအညံ့ခံသူတွေက လူ့အခွင့်အရေးနဲ့ အညီ အသက်ရှင်ခွင့်ရှိပါတယ်။ ဒါကြောင့် အခက်အခဲတွေကြားက ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့မှာ လွိုင်ကော်တက္ကသိုလ်ဝန်းထဲ တပ်စွဲထားတဲ့ ခမရ ၄၂၅ တပ်ရင်းက တပ်ရင်းမှူး အပါအဝင် တပ်ရင်းတရင်းလုံးနီးပါးနဲ့ ခမရ ၆ တပ်ရင်းက တပ်ရင်းတဝက်စာလောက်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်သုံ့ပန်း ၃၈ ယောက်နဲ့ လက်နက်ချ အညံ့ခံသူတွေကို နိုင်ငံတကာ စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပါ အပြည့်အဝပေးထားတယ်လို့ သိရပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် တိုက်ပွဲပြင်းထန်နေတာကြောင့် မြို့ထဲရှိ ဒေသခံတွေ စစ်ရှောင်တဲ့အခါ စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ မြေပြင်ရှိ စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။

လွိုင်ကော်မြို့ထဲမှာ ပိတ်မိနေတဲ့ မြို့ခံတွေကို စစ်ရှောင်ကူညီသူတွေက ကူညီကယ်ဆယ်ပေးနေပြီး စစ်ရှောင်လမ်းကြောင်းကို လေယာဥ်နဲ့လာပစ်တာလို့ Karenni Humanitarian Aid Initiative (KHAI) ဆီက သိရပါတယ်။

KHAI တာဝန်ရှိသူက “ပိတ်မိနေတဲ့သူတွေကို ကူညီတဲ့ ကျနော်တို့ အဖွဲ့သားတွေကိုယ်တိုင် အပစ်ခံထိပါတယ်။ ထိခိုက်မှုတော့မရှိပါဘူး။ လေယာဥ်နဲ့ သက်သက်ချိန်ပစ်တာပါ။ ပိတ်မိနေတဲ့ အယောက်အရေအတွက်က တိတိကျကျ စာရင်းမရှိသေးဘူး။ အများကြီးရှိတယ်” လို့ ပြောပါတယ်။

လွိုင်ကော်မြို့ထဲ ပိတ်မိနေတဲ့သူတွေလည်း ထပ်ရှိသေးကာ လမ်းပေါ်မှာပဲ စစ်ရှောင်တွေ ရှိနေသေးပြီး လေယာဥ်လာတဲ့အချိန်ဆို စစ်ရှောင်တွေဟာ စိုးရိမ်ထိတ်လန့်နေပါတယ်။

KHAI အနေနဲ့ လွိုင်ကော်မြို့ထဲ တိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်တည်းက စစ်ရှောင်တွေကို ကူညီကယ်ထုတ်ပေးနေတာဖြစ်ပြီး မြို့ခံတွေကို စစ်ကောင်စီဘက်က အကာအကွယ်အနေနဲ့ ထိန်းချုပ်ဖို့ စစ်ရှောင်ခွင့်မပေးဘူးလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013