
သိမ်းဆည်းခံ လယ်ယာမြေတွေမှာ ၀င်ရောက်ထွန်ရက်လို့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ကန့်ဘလူမြို့နဲ့ ပန်းတနော်မြို့က တောင်သူတွေကို ဒီနေ့ အမှုမစစ်ပဲ ရုံးချိန်းထပ်ပေးလိုက်ပါတယ်။
တပ်သိမ်းလယ်ယာမြေ ပြန်ရရေး ထွန်တုံးတိုက်ပွဲလုပ်ခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်း၊ ခအုန်းတာ စတဲ့ ရွာတွေက တောင်သူ ၁၇၀ ကျော်နဲ့ ဧရာဝတီတိုင်း၊ ခပန်းတနော်မြို့က တောင်သူ ၁၉ ယောက်ကို ဒီနေ့ တရားရုံး အသီးသီးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။
ကန့်ဘလူလယ်သမားတွေက အချုပ်လွတ် တရားရုံးတက်ရတာဖြစ်ပြီး ပန်းတနော် လယ်သမားတွေကတော့ ရဲအချုပ်ကနေ တရားရုံးတက်ရတာ ဖြစ်ပါတယ်။
လယ်သမားတွေကို အကူအညီပေးနေတဲ့ ဘိုကလေးမြို့ခံ ဦးအောင်မြင့်က “ဒီနေ့ သူတို့ဘက်က သက်သေတင်တာကို စစ်ဖြစ်တယ်။ ဒီနေ့ မြန်မာပြည်ရဲ့ အခြေအနေက နိုင်ငံတော်အဆင့်ကို မရှိတော့ဘူး။ နိုင်ငံတော်အဆင့်ဆိုတာက တရားဥပဒေစိုးမိုးမှုရှိရမယ်၊ တရားစီရင်ရေးရှိရမယ်၊ ဥပဒေပြုရေးဆိုပြီး လွတ်လပ်တရားမျှတတဲ့ မဏ္ဍိုင်ကြီး ၃ ခုရှိရမယ်။ လက်ရှိမြန်မာပြည်ရဲ့ အခြေအနေက တရားဥပဒေ စိုးမိုးမှု မရှိဘူး။ စစ်တပ်၊ ရဲနဲ့ ကုမ္ပဏီတွေ ပေါင်းပြီးတော့ တိုင်းသူပြည်သားတွေကို သူကြီးက ရွာသားတွေကို အနိုင်ကျင့်သလို ဖြစ်နေတော့ မြန်မာပြည်ဟာ ရွာအဆင့်ပဲ ရှိတော့တယ်။ ဦးသိန်းစိန်က သူကြီးအဆင့်ပဲ ရှိတော့တယ်” လို့ ပြောပါတယ်။
ကန့်ဘလူလယ်သမားတွေကို တရားစွဲဆိုထားရာမှာ ၅၀ ကျော်ကို ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ထောင်ကျသွားသူတွေထဲမှာ အမှုလက်ကျန်ရှိသေးသူတွေ ပါဝင်နေပြီး သူတို့ကိုလည်း တရားရုံးမှာ လာရောက် အစစ်ခံနိုင်စေဖို့အတွက် ဒီနေ့ ရုံးတက်လာတဲ့ လယ်သမားတွေက လျှောက်လွှာတင်ခဲ့ကြတယ်လို့ ရှေ့နေ ဦးဇာနည်အောင်က ပြောပါတယ်။
“တရားစွဲခံထားတဲ့ တောင်သူတွေက ထောင်ကျနေတဲ့တောင်သူတွေကို ရုံးအရှေ့ရောက်ဖို့ရန်အတွက် လျှောက်လွှာတင်တာပေါ့နော်။ ကျနော်တို့ ၂၆ ရက်နေ့ကို ထပ်ချိန်းထားတယ်။ တရားလိုဘက်က ရှေ့နေကလည်း ရှိသေးတယ်။ တရားလို ရှေ့နေဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ကန့်ကွက်မှာပေါ့။ ကန့်ကွက်တဲ့အပေါ်မှာ တရားသူကြီးက ထောင်ကျတရားခံကို ခွင့်ပြုမပြု အမိန့်ချမှာပေါ့။”
ကန့်ဘလူ လယ်သမားတွေကို လာမယ့် ၂၆ ရက်နေ့မှာ ရုံးချိန်း ထပ်ပေးလိုက်ပြီး ပန်းတနော် လယ်သမားတွေကိုတော့ လာမယ့် ၂၈ ရက်နေ့မှာ ရုံးချိန်းထပ်ပေးလိုက်တာ ဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ သိမ်းဆည်းလယ်ယာမြေတွေ ပြန်ရရေးအတွက် ကြိုးစားရင်း လယ်သမားအများအပြား တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။










