DVB Logo
Home
မြန်မာသတင်း
တရုတ်ဘက်ကို တာလော့ဂိတ်မှ ကုန်စည်တင်ပို့နိုင်၊ အခွန်လျှော့ပေးမည်ဟု မိုင်းလား ကြေညာ 
DVB
·
November 15, 2023
တရုတ်ဘက်ကို တာလော့ဂိတ်မှ ကုန်စည်တင်ပို့နိုင်၊ အခွန်လျှော့ပေးမည်ဟု မိုင်းလား ကြေညာ 
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားရဲ့ အခွန်ဦးစီးဌာနက သူတို့ ထိန်းချုပ်နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ ကုန်စည်တွေကို စည်းကြပ်ခွန် တဝက် ယာယီလျှော့ပေါ့ပေးမယ်လို့  နိုဝင်ဘာ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်ကနေတဆင့် မိုင်းလားဒေသကိုဖြတ်ပြီး ပြည်တွင်းကို တင်သွင်းမယ့်ကုန်စည်ခွန်တွေကို တဝက်လျှော့ပေါ့ပေးမှာဖြစ်သလို ပြည်တွင်းကတဆင့် သူတို့ဒေသကို ဖြတ်သန်းကာ တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်ကိုတငိပို့မယ့် ကုန်စည် ခွန်တွေကိုလည်း တဝက်လျှော့ပေါ့ပေးမယ်လို့ ဆိုပါတယ်။

ဒီကြေညာချက်ဟာ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်အကျုံးဝင်မှာဖြစ်ပြီး သက်ဆိုင်ရာဌာနအနေနဲ့လည်း အခွန်ကောက်တဲ့စနစ်ကို လွယ်ကူမြန်ဆန်စေဖို့၊ လုပ်ငန်းထိရောက်ဖို့နဲ့ ပွင့်လင်းမြင်သာရှိဖို့ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 

MNDAA ကိုးကန့်၊ TNLA နဲ့ AA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်  ရှမ်းပြည်မြောက်ပိုင်းက မြန်မာ-တရုတ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က လမ်းတံတားတွေကို ဖောက်ခွဲ ဖျက်ဆီး ပိတ်ဆို့ထားတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေချိန်မှာ မိုင်းလား အထူးဒေသ (၄) က အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ပုံမှန်တင်ပို့နေတဲ့ မူဆယ်လမ်းကြောင်းကနေ တင်ပို့နိုင်ခြင်း မရှိတာကြောင့် လွယ်ဂျယ်နဲ့ မိုင်းလားနယ်စပ်ပေါက်တို့ကနေ တရုတ်နိုင်ငံကို ဖရဲသီးကားတွေ ပြောင်းလဲတင်ပို့နေကြရတာပါ။

မူဆယ်လမ်းကြောင်း ပိတ်ထားပြီးနောက် ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းနဲ့ ဗန်မော်-လွယ်ဂျယ် လမ်းပိုင်းတို့ကနေ တရုတ်ဘက်ကို ဖရဲသီးတွေ စတင် တင်ပို့ရာမှာ လက်ရှိ တရုတ်ပြည်ဘက် ဖရဲပေါက်ဈေးအရ စျေးကောင်းရရှိနေပေမယ့် သယ်ယူစရိတ် ပုံမှန်ထက် နှစ်ဆနီးပါး ပိုကုန်ကျနေတယ်လို့ ဖရဲကုန်သည်ကြီးတွေထံက သိရပါတယ်။

ဝါရင့် ဖရဲကုန်သည်တစ်ဦးက “မိုင်းလားနဲ့ လွယ်ဂျယ်ကနေ ဖရဲသီး စပို့နေတယ်။ အရင် မူဆယ်-ဝမ်တိန်ကတော့ ဖရဲထွက်တဲ့ ဒေသနဲ့ နီးတော့ ကုန်ကျစရိတ် နည်းတယ်။ မိုင်းလား နဲ့လွယ်ဂျယ်ကကျ ဖရဲထွက်တဲ့ ဒေသနဲ့ ဝေးတော့ ကုန်ကျစရိတ် ရှိတယ်။ ဒါပေမဲ့ လက်ရှိက စျေးကောင်းရနေတော့ တောင်သူရော ကုန်သည်အတွက်ပါ တွက်ခြေကိုက်ပြီး အဆင်ပြေနေတယ်” လို့ ပြောပါတယ်။

လက်ရှိကာလက တရုတ်ဘက်မှာ ဖရဲရာသီကုန်ချိန် ဖြစ်နေတာကြောင့် ဝယ်လိုအားများပြီး စျေးကောင်းရနေတာဖြစ်တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် မူဆယ်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တို့မှာ လုပ်ငန်းရပ်ဆိုင်းသွားလို့ ကုန်သည်တချို့က ဖရဲအပါအဝင် သစ်သီးဝလံတွေနဲ့ စိုက်ပျိုးရေးထွက်ကုန်အချို့ကို လွယ်ဂျယ်နဲ့ မိုင်းလားနယ်စပ်ဂိတ်တွေကတဆင့် တရုတ်ဈေးကွက်ကို စမ်းသပ်ပြီး စတင်တင်ပို့နေကြတာ ဖြစ်ပါတယ်။

အဆိုပါ နယ်စပ်ဂိတ်တွေကနေ ဖရဲ တင်ပို့ရာမှာ ၁၆ တန်ဆန့် ၁၂ ဘီး ကားတစ်စီး ကုန်ကျစရိတ်က ကျပ်သိန်း ၁၀၀ကျော် ကုန်ကျမှု ရှိပေမယ့် တရုတ်ဈေးကွက်မှာ ဖရဲသီးတတန်ကို တရုတ်ငွေ ယွမ် ၆၀၀၀ ကနေ ၆၅၀၀ခန့် အထိ ဈေးကောင်းရနေတာကြောင့် တောင်သူနဲ့ ကုန်သည်အတွက် တွက်ချေကိုက် အဆင်ပြေစေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

မိုင်းလား နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို မြန်မာဖရဲသီးကားတွေ တိုက်ရိုက် ဝင်ရောင်းခွင့်ရရှိထားပြီး ဖရဲဈေးကောင်းရနေတာကြောင့် တောင်သူနဲ့ ကုန်သည် တွက်ခြေကိုက်ပေမယ့် ဗန်းမော် -လွယ်ဂျယ် လမ်းကြောင်းကနေ တရုတ်ဘက် တင်ပို့တဲ့ ဖရဲသီးတွေမှာတော့ လမ်းခရီး ကြန့်ကြာမှုကြောင့် အလေအလွင့် ဖြစ်နေပါတယ်။

ဖရဲကုန်သည် တစ်ဦးက“မိုင်းလားဘက်က ကားတဆင့် ပြောင်းဖို့ မလိုတော့ဘူး။ မြန်မာ ဖရဲသီးကားတွေ တိုက်ရိုက်ဝင်ရောင်းခွင့်ရနေတော့ အဆင်ပြေတယ်။ ဗန်းမော်-လွယ်ဂျယ် လမ်းကကျတော့ တဆင့်ခံ သွားရတာဆိုတော့ လမ်းခရီးကြန့်ကြာတာတွေရှိတယ်”လို့ ပြောပါတယ်။

မြန်မာ့ဖရဲ တရုတ်တင်ပို့မှုက တစ်နှစ်ကို ပျမ်းမျှ တန်ချိန် တစ်သန်းနီးပါးရှိပေမဲ့ ပြီးခဲ့တဲ့ ဖရဲတင်ပို့ရာသီမှာတော့ တရုတ်နိုင်ငံဘက်က နယ်စပ် ကုန်သွယ်ရေး ဧရိယာမှာ ကိုဗစ် ကာကွယ်ရေးအတွက် လော့ဒေါင်းခဏခဏ ပြုလုပ်ခဲ့တာတွေကြောင့် တင်ပို့မှု လျော့ကျခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013