DVB Logo
Home
မြန်မာသတင်း
ငွေဖြည့်ကတ်ဖြင့် အောရီဒူး စတင်အသုံးပြုနိုင်ပြီ
DVB
·
August 15, 2014
ငွေဖြည့်ကတ်ဖြင့် အောရီဒူး စတင်အသုံးပြုနိုင်ပြီ
Donate to DVB

တယ်လီဖုန်းအော်ပရေတာ အော်ရီဒူးက မိုဘိုင်းဖုန်း ဆင်းကတ်တွေကို မြို့နယ်ပေါင်း ၆၈ မြို့နယ်မှာ တရားဝင် စတင်သုံးစွဲနိုင်တဲ့ ၀န်ဆောင်မှုကို ဒီနေ့ တရားဝင်စတင်လိုက်တဲ့အတွက် သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ ဖုန်းသုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။

သြဂုတ် ၂ ရက်နေ့က ရန်ကုန်၊ မန္တလေး နေပြည်တော်က ကွန်ရက်တွေကို အခမဲ့ စမ်းသုံးခွင့် စီစဉ်ပေးထားပြီးတဲ့နောက် အော်ရီဒူးဖုန်းတွေကို ဒီကနေ့ ငွေဖြည့်ပြီး စတင် အသုံးပြုနိုင်ပြီလို့ ကုမ္ပဏီ လူထုဆက်ဆံရေး မန်နေဂျာ ဒေါ်သိရီကြာညိုက ပြောပါတယ်။

Ooredoo“ပထမဦးဆုံး နိုင်ငံခြား အော်ပရေတာ ကနေပြီး ကမ္ဘာ့အဆင့်မြင့် 3G ကွန်ရက်ကို ကြည်လင်ပြတ်သားတဲ့ အသံနဲ့ မြန်နှုန်းမြင့် အင်တာနက်နဲ့အတူ မြန်မာပြည်က မိဘပြည်သူတွေအားလုံးကို ၀န်ဆောင်မှုပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် မြန်မာပြည်က မိဘပြည်သူများကလည်း ကမ္ဘာ့အဆင့်မီ မိုဘိုင်း ကွန်ရက်က ရတဲ့ လူထုအကျိုးပြု ၀န်ဆောင်မှုတွေကို အဲဒီကနေတဆင့် ခံစားရမှာမို့ မြန်မာပြည်သူတယောက် အနေနဲ့ရော ကုမ္ပဏီက ၀န်ထမ်းတယောက်အနေနဲ့ရော ကျမအထူးပျော်ရွှင်မိပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။”

အော်ရီဒူးရဲ့ ၀န်ဆောင်မှုဟာ ၆၈ မြို့က လူ ၇.၈ သန်း ဆက်သွယ်နိုင်မှာဖြစ်ပြီး ၁ ထောင်တန်၊ ၃ ထောင်တန်၊ ၅ ထောင်တန်၊ ၁ သောင်းတန်၊ ၂ သောင်းတန် ဖုန်းငွေဖြည့်ကတ်တွေကို နိုင်ငံတ၀န်းက နေရာတွေမှာ ၀ယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

အော်ရီဒူး ဆင်းကတ် ၁ ခုကို ကျပ် ၁၅၀၀ နဲ့ ရောင်းချနေပြီး အော်ရီဒူး ဖုန်းအချင်းချင်း ပြောရင် ၁ မိနစ် ၂၅ ကျပ်နှုန်း အခြားကွန်ရက်ကိုဆိုရင် ၁ မိနစ် ၃၅ ကျပ်နှုန်း သတ်မှတ်ထားပါတယ်။

တခြားဖုန်းတွေကို မက်ဆေ့ခ်ျပို့မယ်ဆိုရင် တစောင်ကို ၂၅ ကျပ်နှုန်း သတ်မှတ်ထားသလို ပုံမှန် အင်တာနက် အသုံးပြုမှုအတွက် ၁ မီဂါဗိုက်ကို ၂၅ ကျပ်နှုန်း သတ်မှတ်ထားပါတယ်။

ဒါအပြင် တနေ့ကို ကျပ် ၅၀၀ ဆိုရင် ၃၀ မီဂါဘိုက် အင်တာနက် အသုံးပြုခွင့်၊ ၂၀ မီဂါဘိုက် ဖေ့စ်ဘွတ်ခ် အသုံးပြုခွင့်၊ တပတ်ကို ကျပ် ၃၀၀၀ ပေးပါက ၂၀၀ မီဂါဘိုက် အင်တာနက် အသုံးပြုခွင့်၊ ၁၂၀ မီဂါဘိုက် ဖေ့စ်ဘွတ်ခ် အသုံးပြုခွင့်၊ ၂၀၀ မီဂါဘိုက် မက်ဆေ့ခ်ျ ပေးပို့နိုင်မှာ ဖြစ်သလို၊ တလ ကျပ် ၁၂၀၀၀ ပေးပါက ၁ ဂစ်ဂါဘိုက် အင်တာနက်အသုံးပြုခွင့်နဲ့ ၆၀၀ မီဂါဘိုက် ဖေ့စ်ဘွတ်ခ် အသုံးပြုခွင့် စတဲ့ အစီအစဉ်တွေကိုလည်း လုပ်ဆောင်ထားပါတယ်။

ရန်ကုန်မြို့က အော်ရီဒူး သုံးစွဲသူတဦးကတော့ အစိုးရနဲ့ ပြိုင်ဘက် ပေါ်လာတဲ့အတွက် ဒါဟာကောင်းမွန်တယ်လို့ ပြောပါတယ်။

“မြန်မာဆက်သွယ်ရေးနဲ့ လိုင်းယှဉ်လိုက်ရင်တော့ အော်ရီဒူးကတ်က နည်းနည်းအဆင်ပြေတယ်။ ဒါပေမယ့် အော်ရီဒူးနဲ့ တယ်လီနော ယှဉ်လိုက်လို့ရှိရင် တယ်လီနောက 2G စနစ်နဲ့ပါ သွားမယ်ဆိုတော့ အောက်ခြေလူတန်းစားအတွက်လည်း အဆင်ပြေတယ်။ အော်ရီဒူးကို အင်တာနက်လိုင်း ဈေးသက်သက်သာသာလေးနဲ့ပေါ့ အများပြည်သူသုံးလို့ရအောင် ဈေးချပေးမယ်။ အခြားဖုန်းကို ခေါ်ရင်လည်း ၃၅ ကျပ်ထက် ပိုချပေးနိုင်ရင် အဆင်ပြေမယ်ခင်ဗျ။”

ဒါအပြင် သင့်လျောက်ပတ်တဲ့ ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် အသုံးပြုခဆိုရင် အောက်ခြေ လူတန်းစားအထိ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ခံ အော်ရီဒူး အသုံးပြုသူ တချို့ကတော့ လိုင်းကြပ်တဲ့ ပြဿ နာတွေတော့ ရှိနေသေးတယ်လို့ ပြောဆိုပါတယ်။

အော်ရီဒူးက လက်ရှိ ဆက်သွယ်ရေး စနစ်တွေကို ပိုကောင်းအောင် လုပ်ဆောင်နေသလို ဆက်သွယ်ရေး ကွန်ရက်တွေကိုလည်း ထပ်တိုးချဲ့ပြီး ဒီနှစ်အကုန်မှာ လူ ၂၅ သန်း အော်ရီဒူးဖုန်းကို အသုံးပြုနိုင်မယ် မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013