
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်-သံဖြူဇရပ်လမ်းပေါ်မှာ ဧပြီ ၄ ရက် မနေ့ညနေ ၅ နာရီကျော်က လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်လို့ ကားပေါ်ပါလာတဲ့ အမျိုးသားတယောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ငါးပိတွေ တင်လာတဲ့ Nissan ၁၂ ဘီး ကုန်ကား ပစ်ခတ်ခံရတာဖြစ်ပြီး ကားပေါ်ပါလာတဲ့ အသက် ၃၅ နှစ်အရွယ် ယာဉ်နောက်လိုက် အမျိုးသားဟာ ညာဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတာလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်က “မနေ့ညနေပိုင်း ၅ နာရီ မိနစ် ၂၀ လောက်မှာဖြစ်တာ။ မုဒုံမြို့နယ် ကွမ်လှာကျေးရွာနဲ့ ရောင်ဒေါင်းကျေးရွာကြား မော်လမြိုင်-သံဖြူဇရပ် သွားတဲ့ ကားလမ်းပေါ်မှာ ပစ်ခတ်ခံရတာ။ မောင်းလာတဲ့ကားပါ။ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ မသိဘူး” လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲတွေနဲ့ စစ်ကောင်စီတပ်ကတချို့ အခင်းဖြစ်နေရာကို လာရောက်စစ်ဆေးတုန်းမှာလည်း လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုကို မွန်ပြည်သစ်ပါတီ(ခွဲထွက်) အဖွဲ့ကလုပ်တာလို့ စစ်ကောင်စီသြဇာခံမီဒီယာ တချို့က ရေးသားပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
သေဆုံးသွားတဲ့ ကုန်တင်ကားနောက်လိုက် အမျိုးသား ရုပ်အလောင်းကို စစ်ကောင်စီရဲတွေက သယ်ယူသွားပြီး မော်လမြိုင်မြို့၊ ကမာဝက်တိုက်နယ်ဆေးရုံကို ပို့လိုက်တယ်လို့သိရပါတယ်။










