DVB Logo
Home
နိုင်ငံတကာ
ထိမ်းဖိထား ထိုင်း-မြန်မာနယ်စပ် သွားရောက်၊ နိုင်ငံမဲ့ကလေးငယ်များ အထောက်အထားရရှိရေး ကြိုးပမ်းမည်ဟုပြော 
DVB
·
November 14, 2023
ထိမ်းဖိထား ထိုင်း-မြန်မာနယ်စပ် သွားရောက်၊ နိုင်ငံမဲ့ကလေးငယ်များ အထောက်အထားရရှိရေး ကြိုးပမ်းမည်ဟုပြော 
Donate to DVB

ထိုင်းနိုင်ငံ အထူးသဖြင့် မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ နိုင်ငံမဲ့ အထောက်အထားမဲ့ ကလေးငယ် မြောက်မြားစွာရှိနေပြီး သူတို့တွေ G မှတ်ပုံတင် အထောက်အထားရဖို့ MFP (Move Forward Party) ပါတီအနေနဲ့ ဆက်လက်ကြိုးစားသွားမယ်လို့ ပါတီအတိုင်င်ခံ ထိမ်းဖိထား လိုမ့်ကျရွန်းရတ်က ပြောပါတယ်။

ထိမ်းဖိထားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ် ချောင့်ခက်အုပ်စုထဲမှာ ကျင်းပတဲ့ စိုက်ပျိုးရေးပွဲတော်ကို ပါဝင်ဆင်နွှဲအပြီး မဲဆောက်မြို့ မယ်ပနေ စာသင်ကျောင်းကို သွားရောက်ကာ ကျောင်းတာဝန်ခံတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် ခုလို ပြောကြားခဲ့တာပါ။

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့၊ နိုင်ငံမဲ့ကလေးပေါင်း ၁၂၀,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ဂဏန်း ၁၃ လုံးပါ G မှတ်ပုံတင် အထောက်အထားရပြီးတဲ့ ကလေးက ၃၀,၀၀၀ ကျော်သာရှိကြောင်း၊ နိုင်ငံမဲ့ကလေးတွေအားလုံး အထောက်အထားရရှိရေးအတွက် MFP ပါတီက လွှတ်တော်ထဲမှာ တင်ပြတောင်းဆိုခဲ့တာရှိတယ်၊ ဒါပေမဲ့ သူတို့ဟာ တဖက်နိုင်ငံက တရားမဝင် ဝင်လာတဲ့ ကလေးတွေသာ ဖြစ်တယ်ဆိုပြီး လွှတ်တော်ထဲမှာ ပယ်ချခံခဲ့ရတယ်၊ MFP ပါတီအနေနဲ့တော့ အဆိုပါကလေးတွေ အထောက်အထားရရှိရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံမဲ့ကလေးတွေရဲ့ ပြဿနာ၊ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ပြဿနာ၊ ထိုင်းနိုင်ငံရဲ့ ပြဿနာတင် မဟုတ်ဘဲ အာဆီယံအသိုက်အဝန်းရဲ့ ပြဿနာဖြစ်တယ်၊ အစိုးရက နယ်စပ်ပြဿနာဟာ အမျိုးသားလုံခြုံရေးကိစ္စအဖြစ် ရှုမြင်ပေမဲ့ သူ့အနေနဲ့ကတော့  လူသားလုံခြုံရေးကိစ္စအဖြစ် ရှုမြင်တယ်တယ်လို့ ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံက အလုပ်သမားတွေ မရှိရင် ထိုင်းရဲ့ စီးပွားရေးဟာ ရှေ့မတိုးနိုင်ဘူး၊ ကျနော်တို့ ပါတီအနေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဝန်ထုပ်ဝန်ပိုးအဖြစ် မသတ်မှတ်ပါဘူး၊ အလုပ်သမားတွေကို မြှင့်တင်ခြင်းဟာ အာဆီယံဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းလည်း ဖြစ်ပါတယ်၊ ထိုင်းကလေးတွေဟာ ရွှေ့ပြောင်းကလေးတွေနဲ့ အတူနေခြင်းဖြင့် မတူညီတဲ့ ယဉ်ကျေးမှုပေါင်းစုံ မတူညီတဲ့ လူ့အဖွဲ့အစည်းမှာ လိုက်လျောညီထွေ နေထိုင်တတ်ဖို့ အခွင့်အလမ်းလည်း ဖြစ်တယ်လို့ ထိမ်းဖိထားက ပြောသွားပါတယ်။

ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ MFP ပါတီ လွှတ်တော်အမတ် ပညာရေးတာဝန်ခံ ပါရမီ ဝိုင်းကျူန်းကျရွန်းကလည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ မငြိမ်သက်မှုကြောင့် ထိုင်းသင်ကြားရေး စင်တာမှာ ကျောင်းသားတွေ ပိုများလာတယ်။ ဒါကြောင့် ထိုင်းဘာသာသင်ကြားရေး ပံ့ပိုးကူညီမှု တိုးမြှင့်ဖို့ လိုအပ်တယ်။ ဘွဲ့ရအနေနဲ့ လုပ်ငန်းခွင်တွေမှာ ဝင်ရောက်ဖို့  ပညာရေးပံ့ပိုးပေးဖို့ လိုအပ်တယ်။ ဒါကြောင့် နိုင်ငံမဲ့ကလေးတွေကို G code ကျောင်းသား မှတ်ပုံတင် အမြန်ထုတ်ပေးဖို့က သိပ်အရေးကြီးတယ်။ အဲဒီကိစ္စ  ပညာရေးကော်မရှင်ကနေတဆင့် တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မဲဆောက်မြို့ မယ်ပနေရပ်ကွက် အစိုးရအခြေခံပညာကျောင်းမှာ ကျောင်းသူကျောင်းသား ၂၉၃ ဦးရှိပြီး ထိုင်းနိုင်ငံသားကလေးက ၂၀ ရာခိုင်နှုန်း၊ ကရင်တောင်ပေါ်သားကလေးက ၂၀ ရာခိုင်နှုန်းနဲ့ မြန်မာကလေးတွေက ၆၀ ရာခိုင်နှုန်းရှိတယ်။ မြန်မာကလေးတွေဟာ G မှတ်ပုံတင် အထောက်အထား မရှိကြဘူးလို့ ဆိုပါတယ်။

တာ့ခ်ခရိုင်ထဲမှာ အစိုးရကျောင်းနဲ့ Migrant Learning Center (ရွှေ့ပြောင်းလုပ်သား စာသင်ကျောင်း) ဆိုပြီး နှစ်မျိုးနှစ်စားရှိတယ်။ ရွှေ့ပြောင်းစာသင်ကျောင်းက အနည်းဆုံး ၆၄ ကျောင်း ရှိတယ်။ အစိုးရစာသင်ကျောင်းမှာ နေရတဲ့ ကလေးက ပညာသင်ထောက်ပံ့ကြေး အခွင့်အရေး ပိုရတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ကျောင်းအပ်ချိန်မှာပဲ လက်ခံတယ်။ MLC ရွှေ့ပြောင်းကျောင်းတွေမှာတော့ ကျောင်းသားတွေကို အခြေအနေအလိုက် လက်ခံတယ်လို့ ကျောင်းတာဝန်ရှိသူက ပြောပါတယ်။

MFP ပါတီဟာ ပြီးခဲ့တဲ့ မေလရွေးကောက်ပွဲမှာ ဆန္ဒမဲအများဆုံးနဲ့ အနိုင်ရခဲ့ပေမဲ့ အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမှု မရတာကြောင့် အစိုးရမဖြစ်ခဲ့ပါဘူး။ ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်ဟာလည်း ဝန်ကြီးချုပ်အဖြစ်က လွဲခဲ့ရတဲ့အပြင် itv မီဒီယာမှာ ရှယ်ယာပါဝင်မှု၊ ဘုရင့်နန်းတော်ဆိုင်ရာ ဥပဒေပုဒ်မ ပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေနဲ့ အမှုဖွင့်ခံထားရလို့ လွှတ်တော်အမတ်တာဝန်ကနေ ဆိုင်းငံ့ခြင်း ခံထားရပါတယ်။ ပါတီအနေနဲ့ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ သူ့အနေနဲ့ ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်ပြီး အတိုင်ပင်ခံနေရာကသာ လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ကိုးကား - matichon

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013