DVB Logo
Home
မြန်မာသတင်း
နဝဒေးတံတား ဖြတ်သန်းခွင့်ပိတ်၊ လက်နက်ကြီးကြောင့် ရွှေကျင်ဒေသခံ ၁ ဦး သေဆုံး၊ ကျိုက်မရော စာသင်ကျောင်းများ ယာယီပိတ်
DVB
·
November 14, 2023
နဝဒေးတံတား ဖြတ်သန်းခွင့်ပိတ်၊ လက်နက်ကြီးကြောင့် ရွှေကျင်ဒေသခံ ၁ ဦး သေဆုံး၊ ကျိုက်မရော စာသင်ကျောင်းများ ယာယီပိတ်
1 / 3
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နဲ့ ပန်းတောင်းမြို့ကို ဆက်သွယ်ထားတဲ့ နဝဒေးတံတားနဲ့ တံတား ကိုက် ၅၀၀ အတွင်း ည ၈ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခြင်းမပြုဖို့ စစ်ကောင်စီက ၁၄၄ ထုတ်ပြန် တားမြစ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး တံတားလုံခြုံရေးနဲ့ မြစ်ကြောင်းအတွင်း လုံခြုံရေးတွေလည်း ချထားတယ်လို့ ဆိုပါတယ်။

ပြည်မြို့ ရေလုပ်ငန်းလုပ်ကိုင်သူတဦးက “တံတားပေါ် လုံခြုံရေးက အရင်ကလည်းရှိတယ်၊ အခုပိုများတယ်။ နှစ်ဖက်စလုံး လုံခြုံရေး အပြည့်ချထားတာ။ တံ‌တားအောက်ဘက်ခြမ်းမှာလည်း ပရဟိတအသင်း စက်လှေနဲ့ ကင်းပတ်နေတယ်။ အခုရက်ထဲတော့ တံတားအနီးကို ပြည်သူတွေအနေနဲ့ မကပ်ဖို့ အသိပေးချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေကို ရက္ခိုင့်တပ်တော် (AA) က စတင်တိုက်ခိုက်ပြီး ရခိုင်ပြည်နယ်နဲ့ ရန်ကုန်မြို့ကို ဆက်သွယ်ထားတဲ့လမ်းတွေအား စစ်ကောင်စီက ပိတ်ဆို့ခဲ့ပြီး အဲ့ဒီထဲကမှ နဝဒေးတံတားကိုလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

နဝဒေးတံတားမှာ ဧရာဝတီမြစ် ပြည်မြို့နဲ့ ပန်းတောင်းမြို့ကို သွယ်တန်းထားတဲ့ တံတားဖြစ်ပြီး ရခိုင်ပြည်နယ်ကို အဓိကသွားလာရာ ရန်ကုန်-စစ်တွေလမ်းမကြီးပိုင်းမှ တံတားဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက် ညမှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထွေအုပ်ဝန်ထမ်းတွေက ပြည်မြို့နဲ့ ပန်းတောင်းမြို့နယ်အတွင်း အသံချဲ့စက်တွေ ကားပေါ်တင်ဆောင်ပြီး ပြည်သူတွေအနေနဲ့ နဝဒေးတံတားပေါ်နဲ့ တံတားအနီး ကိုက် ၅၀၀ အတွင်း ည ၈ နာရီနောက်ပိုင်း ဖြတ်သန်းမသွားဖို့ လိုက်လံအသိပေးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဇလုတ်ကြီးအခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၅၉၈ က နိုဝင်ဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်မှာ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အရပ်သားတယောက် ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်ဘက်က လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး ကျိုက်ထိုမြို့နယ်၊ ချောင်းဝကျေးရွာနေ ဦးမင်းနိုင်ဟာ ချောင်းဝကျေးရွာ တစ်ဖက်ကမ်း (ရှမ်းစု) ရှိ လယ်ကွင်းတခုမှာ ရိတ်သိမ်းပြီးစပါးတွေကို နေလှန်းနေစဥ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘယ်ဘက်ပေါင်နဲ့ ဘယ်လက်ချောင်းတို့မှာ ရရှိတဲ့ဒဏ်ရာနဲ့ ဆေးခန်းမှာ ကုသမှုခံယူနေစဥ်  သွေးထွက်လွန်သေဆုံးခဲ့တာလို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သေဆုံးသူ အသက် ၅၄ နှစ်အရွယ် ဦးမင်းနိုင်မှာ သားသမီး ၇ ဦးရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ လုပ်ကိုင်စားသောက်နေသူ သာမန်အရပ်သားတဦးဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် ညနေ ၃ နာရီလောက်ကလည်း စစ်တပ်လက်နက်ကြီးကြောင့် ပိန္နဲတောရွာနေ အသက် ၇၃ နှစ်အရွယ် တီးထစ်နူး နဲ့ အသက် ၄၆ နှစ်အရွယ် စောစိုးဝင်းနိုင်တို့ သေဆုံးခဲ့ပြီး ယားကောနောနဲ့ စောသက်နိုင်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အခြေခံပညာကျောင်း ၃၅ ကျောင်းအား နိုဝင်ဘာ ၁၃ ရက်မှ ၁၇ရက် အထိ  ယာယီ ပိတ်ထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ချောင်းနှစ်ခွကျေးရွာအုပ်စုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး ချောင်းနှစ်ခွ၊ မယ်တရို၊ တောင်ကလေး၊ ကနာလို၊ ကြံတော စတာတွေအပါအဝင် ကျေးရွာ ၁၀ ကျော်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းနှစ်ခွကျေးရွာအုပ်စုတဝိုက်မှာ နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ပြီး စစ်ကူလာတဲ့ တပ်မ ၂၂ မှ စစ်သား ၅၀ အနက် ၂၃ ဦး လက်နက်ချခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲမှာ တပ်ရင်းမှူးနဲ့ အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံး၊ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိပြီး နောက်ထပ် အရာရှိ ၁ ဦးအပါအဝင် ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ ဒေသခံတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်း၊ စာရင်းအတိအကျတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013