
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက် ဒီနေ့ မနက်ပိုင်းက ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကာ လက်နက်ကြီးကျည်ထိမှန်လို့ အမျိုးသမီး ၂ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝမြို့နယ် တရွန်အိုင်ရွာနောက်တောင်ပေါ်က စစ်ကောင်စီတပ်ကို ဒီနေ့ မနက် ၂ နာရီလောက်ကစလို့ ရက္ခိုင့်တပ်တော်က တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပလက်ဝမြို့နယ် ဒေသခံတယောက်က ပြောပါတယ်။
တိုက်ပွဲကတော့ မနက်မိုးလင်းတဲ့အထိ ဖြစ်ပွားနေပြီး မနက် ၇ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် တရွန်အိုင်ရွာမှာ ကျရောက်ပေါက်ကွဲကာ ဒေသခံအမျိုးသမီး ၂ ယောက်သေဆုံးခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ရသေ့တောင်၊ မင်းပြားနဲ့ မောင်တောမြို့နယ်တွေရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့ကာ လက်နက်ခဲယမ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အေအေအပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမတွေနဲ့ ကောင်းမွန်စွာတွေ့ခွင့်ရလိုပါက မိမိတို့ရဲ့ နီးစပ်ရာစခန်းတွေကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချအညံ့ခံဖို့လည်း အေအေတပ်ဖွဲ့က အသိပေးထားပါတယ်။
ဓာတ်ပုံ-ဟိန်းထွန်း