DVB Logo
Home
မြန်မာသတင်း
သိန္နီတွင် ပစ်ခတ်မှုများရှိနေဆဲ၊ မြို့လူဦးရေတဝက်ကျော် ထွက်ပြေးနေရ
DVB
·
November 13, 2023
သိန္နီတွင် ပစ်ခတ်မှုများရှိနေဆဲ၊ မြို့လူဦးရေတဝက်ကျော် ထွက်ပြေးနေရ
Donate to DVB

ရှမ်းပြည်နယ်၊ သိန္နီမြို့မှာ ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြို့လူဦးရေတဝက်ကျော်လောက် စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

MNDAA ကိုးကန့်၊ TNLA နဲ့ အေအေ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေဟာ  အောက်တိုဘာ ၂၇ ရက်ကစပြီး ဒီနေ့ထိ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိန္နီမြို့ အဝင်အထွက်တိုးဂိတ်၊ နမ္မတူတံတား၊ သိန္နီမြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့နယ်မီးသတ်ဌာန စတာတွေကို ပစ်ခတ်ဖောက်ခွဲပြီး သိမ်းပိုက်ထားတာပါ။

ဒါပေမဲ့ တမြို့လုံးကိုတော့ လုံးဝမသိမ်းပိုက်နိုင်သေးဘဲ ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေ ရှိနေပါတယ်။

အထူးသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လေယာဉ်ပေါ်ကနေ ပစ်ခတ်တာကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီးတာ၊ ထိခိုက်သေဆုံးမှုတွေရှိနေတာ၊ စစ်တပ်က မြို့ကိုရှင်းလင်းဖို့ သိန္နီမြို့သူမြို့သားတွေကို ၃ ရက်အတွင်း တခြားနေရာကို ရှောင်တိမ်းသွားဖို့ ညွှန်ကြားထားတဲ့ သတင်းတွေကြောင့် စစ်ဘေးရှောင်ဦးရေ တနေ့တခြား တိုးလာနေတယ်လို့ စစ်ဘေးရှောင်ကူညီသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပစ်ခတ်တာတွေတော့ ရှိနေတုန်းပါပဲ။ ၃ ရက်အတွင်း အပြီးရှောင်သွားဖို့ဆိုတဲ့ သတင်းကတော့ တရားဝင် ထုတ်ပြန်ညွှန်ကြားစာလည်း မတွေ့ပါဘူး။ ဘယ်သူက ဘယ်တုန်းကပြောလဲ ဆိုတာလည်း မသိဘူး။ အဲလို ကောလာဟလတွေ ထွက်နေတာပဲ၊ ပြည်သူတွေ ထွက်ပြေးတာကတော့ နေ့တိုင်းလိုပါပဲ။ တချို့က သူတို့ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးကျတာတွေရှိတော့ နောက်တနေရာကို ရွှေ့သွားရတာ ရှိတယ်။”

သိန္နီမြို့ပေါ်နဲ့ အနီးနားတဝိုက်ကျေးရွာက ပြည်သူတွေဟာ သိန္နီမြို့လယ်ကျောင်းတိုက်၊ ကျောင်းဆိုင်၊ ကျောင်းခမ်း၊ ရွှေမြင်သာ၊ မန်နောင်၊ ဝိန်းနန်း၊ ကွန်ကောက်၊ ပိန်းအွယ်၊ ဟိုမိန်း စတဲ့ကျောင်းတိုက်တွေမှာ စစ်ဘေးရှောင်နေရတဲ့အပြင် လားရှိုးမြို့နယ်ထိပါ ထွက်ပြေးလာကြပါတယ်။

သိန္နီကနေ လားရှိုးထိ လာရောက်တိမ်းရှောင်လိုသူတွေကို လားရှိုးမြို့နယ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းက ကားတွေနဲ့ သွားရောက်ကြိုဆိုပြီး လားရှိုးမြို့ စစ်ရှောင်စခန်း အသီးသီးဆီ ခွဲပြီးပို့ဆောင်ပေးနေတယ်လို့ စစ်ရှောင်ကူညီသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ကို မြို့ထဲထိတော့ သွားကြိုလို့မရဘူး။ တံတားမိုင်းခွဲခံထားရတော့ သွားလို့မရဘူးလေ။ အဲဒါ မိုင်းပါးဘုန်းကြီးကျောင်းမှာ လာစောင့်ခိုင်းပြီး သွားကြိုလာပါတယ်။ ကျနော်တို့ ရှမ်းလူငယ်အဖွဲ့အနေနဲ့ သွားကြိုနေတာ ၅ ရက်ရှိပြီ။ တနေ့ကို ၁၀၀ ကျော် ၂၀၀ နီးပါး သွားကြိုလာတာ လူဦးရေက သံဃာတွေပါပါရင် ၁,၀၀၀ ကျော် ရွှေ့ပေးခဲ့ပြီ။ သူတို့ကို ဟိုပိတ်ကျောင်း၊ မြို့လည်ကျောင်းနဲ့ အေးရိပ်သာကျောင်းတွေမှာ ပို့ပေးခဲ့တယ်။ နောက်ထပ် ၁,၀၀၀ ကျော် လာဖို့ရှိပါ သေးတယ်ခင်ဗျ။”

ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒီကနေ့မနက် စစ်ဘေးရှောင်တွေကို သွားကြိုစဉ်  မဟာမိတ်တပ်ဖွဲ့ဝင်တွေက မိုင်းလီရွာအဝင်တံတားကို ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။

“စစ်ဘေးရှောင်တွေကို ကူညီရတာလည်း မလွယ်လှပါဘူးခင်ဗျ။ ဒီကနေ့ မိုင်းလီရွာက စစ်ဘေးရှောင်တွေ သွားကြိုတော့ မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ တိုးတယ်။ သူတို့က မသွားနဲ့ဦး၊ တံတားဖျက်ဦးမယ်တဲ့၊ ကျနော်တို့က တောင်းပန်တော့ အရင်ပေးသွားပြီး ဖောက်ခွဲပစ်လိုက်တယ်။ ကားကြီးသွားလို့မရဘူး၊ ကားငယ်ပဲရတယ်။”

သိန္နီမြို့မှာလည်း ကုန်တင်ကားတွေ ဝင်လာလို့မရတဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်နေကြောင်း၊ ၂၀ ပြည်ဝင် ဆန်တအိတ်ကို ၁၂၀,၀၀၀ နဲ့ဝယ်ရပြီး ဓာတ်ဆီတလီတာကို ၂၀,၀၀၀၊ တချို့ဆိုင်ကတော့ ရောင်းစရာဆီ မရှိတော့လို့ ပိတ်ထားတယ်လို့ ဆိုပါတယ်။

စယ်အူကျေးရွာဘက်ကို စစ်ရှောင်သွားသူတချို့ကတော့ စယ်အူရွာအဝင်မှာ အရပ်ဝတ် ကိုးကန့်တပ်ဖွဲ့ဝင်တွေနဲ့တိုးပြီး ဆိုင်ကယ်တစီးကို ကျပ် ၃ သိန်းခွဲပေးမှ သွားခွင့်ပြုမယ်ဆိုလို့ ငွေပေးခဲ့ရသေးတယ်လို့ ပြောပါတယ်။

သိန္နီမှာ ၂၀၂၂ ခုနှစ် သန်းခေါင်စာရင်းအရ လူဦး‌ရေ ၅၈,၇၇၃ ဦးရှိပြီး မြောက်ပိုင်းမဟာမိတ် စစ်ဆင်ရေးနောက်ပိုင်း မြို့လူဦးရေရဲ့ တဝက်ကျော် စစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးရှောင်ကူညီသူ သံဃာတပါးက မိန့်ကြားပါတယ်။

စစ်ဘေးရှောင်ဦးရေ အများဆုံးမှာ စကစ တပ်မ ၁၆ အနီးရှိ “ကျောင်းခမ်း” ဖြစ်ပြီး လူဦးရေ ၃,၀၀၀ ကျော်ရှိကြောင်း၊ ကျောင်းတိုက်မှာ စားနပ်ရိက္ခာ မလုံလောက်တဲ့ပြဿနာ ရှိနေတဲ့အပြင် ရွာသားတွေက စပါးရိတ်ဖို့၊ ပြောင်းဖူးချိုးဖို့ ပြန်ချင်ပေမဲ့ စစ်တပ်က ပြန်ခွင့်မပြုသေးလို့ အခက်အခဲရှိနေတယ်လို့  စစ်ဘေးရှောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013