
ရန်ကုန်မြို့မှာ လမ်းဘေးရပ်ထားတဲ့ ကားတွေဆီက ပစ္စည်းလိုက်ခိုးသူတွေ အတင့်ရဲသောင်းကျန်းနေတယ်လို့ ကားလောက အသိုက်အဝန်းကြား ပြောဆိုနေသလို ခိုးယူသူဆိုတဲ့ ဓာတ်ပုံလည်း လူမူကွန်ရက်မှာ အဆင့်ဆင့်မျှဝေပျံ့နှံ့နေပါတယ်။
အခုရက်ပိုင်းထဲမှာ ဒေါပုံမြို့နယ်က လမ်းဘေးရပ်ထားတဲ့ အိမ်စီးကားတစီး ဘထ္တရီဖြုတ်ခိုးခံရပြီး ခိုးတဲ့သူက ကားဘော်ဒီတခုလုံး အစင်းရာတွေပေါ်အောင် ကုတ်ခြစ်ဖျက်ဆီးသွားတယ်လို့ သတင်းထွက်ခဲ့သလို တွေ့မြင်သူတယောက်က ဓာတ်ပုံရိုက်ယူထားတဲ့ပုံက လူမူကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ဒါ့အပြင် လိူင်မြို့နယ်တဝိုက်မှာ ကားပစ္စည်းအစိတ်အပိုင်းတွေ လိုက်ခိုးသူဆိုပြီး စီစီတီဗီကနေ ရိုက်ယူထားတဲ့ တက္ကစီတစီး အနောက်မှာရပ်နေသူ အမျိုးသားတယောက်ပုံလည်း လူမူကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
အဲဒီပုံတွေ အသိပေးမျှဝေနေတဲ့အတိုင်း ခိုးယူသူဟုတ်မဟုတ် DVB က သီးခြားအတည်မပြုနိုင်ပေမဲ့ အခုနောက်ပိုင်း ညအချိန်တွေမှာ လမ်းဘေးရပ်ထားတဲ့ကားတွေ ပစ္စည်းဖြုတ်ခိုးခံရတာ များလာတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
“နောက်ကြည့်မှန်ပဲရရ ခိုးနေတာ။ အခုကကား အပိုပစ္စည်းအစိတ်ပိုင်းက အကုန်စျေးကောင်းနေတာလေ။ ဘာတော့ ပါသွားပြန်ပြီဆိုတဲ့အသံက ကိုယ်တွေဆီမှာ အမြဲကြားနေရတယ်။”
အဲဒီလို ကားပစ္စည်းလိုက်ခိုးသူတွေက နံပါတ်ပြားလည်း ခဲသီးဖြုတ်ရတာလွယ်ရင် ဖြုတ်ခိုးပြီး လိုင်စင်မဲ့ကား အသုံးပြုသူတွေဆီ ပြန်ရောင်းတာမျိုးတွေလည်း ရှိတယ်လို့ ကားပိုင်ရှင်တွေက ဆိုပါတယ်။
မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ ကားပိုင်ရှင်တယောက်က “ဆီထည့်တော့ တခြားမှာ ကိုယ့်ကားနံပါတ်နဲ့ ထည့်သွားပြီဆိုတဲ့ ပြဿနာတွေက ဒီလိုအခိုးခံရတာတွေနဲ့လည်းဆိုင်တယ်။ အခုက ကိုယ့်ကား လမ်းဘေးရပ်ထားခဲ့ရင် စိတ်မအေးရဘူး” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ ကိုယ်ပိုင်ကားပါကင်မရှိတာ၊ အခပေးအများသုံး ကားပါကင် မလုံလောက်တာတွေကြောင့် အိမ်နဲ့နီးတဲ့လမ်းဘေးမှာ ရပ်ထားကြရတာပါ။
အခုလို ကားပစ္စည်းသူခိုးတွေ သောင်းကျန်းနေတဲ့အတွက် မီးအလင်းရောင်ရှိနေရာမှာရပ်ဖို့နဲ့ ကားတွေမှာ အချက်ပေးသံထွက်တဲ့ ကိရိယာတပ်ဆင်သင့်တယ်လို့ ကားသမားတွေအချင်းချင်း အကြံပြုပြောဆိုနေကြပါတယ်။











