DVB Logo
Home
မြန်မာသတင်း
ပေါင်းတည်၊ ကန့်ဘလူ၊ ခင်ဦးနှင့် ဗန်းမောက်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
November 13, 2023
ပေါင်းတည်၊ ကန့်ဘလူ၊ ခင်ဦးနှင့် ဗန်းမောက်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ခေမံကျေးရွာအုပ်စု၊ ခေမံရွာနဲ့ စမ်းရင်ကုန်းရွာ အကြားမှာ လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၁၂ ရက် မနက် ၁၀ နာရီခွဲက တိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့ ပကဖထံကနေ သိရပါတယ်။

လှည့်ကင်းအဖွဲ့စီးနင်းလာတဲ့ ဆိုင်ကယ် ၄ စီးကို ပြည်ခရိုင် PDF တပ်ရင်း-၃၆၀၁ (ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF)၊ တပ်ခွဲ-၂ နဲ့ တပ်ခွဲ-၄ တို့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မိုင်းနှစ်လုံးခွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အဆိုပါ ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး၊ ပျူစောထီးတဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဆိုပါစစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးကို လိုက်ထရပ်ကားနဲ့ တင်ဆောင်ကာ ပေါင်းတည်ဘက်ကို သယ်ဆောင်သွားခဲ့သလို သေဆုံးမှု ရှိ၊ မရှိကို ဆက်လက် အတည်ပြု စုံစမ်းနေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာလည်း စစ်ကောင်စီတပ်စွဲရာ ရွာသစ်ကုန်းကျေးရွာ အထိုင်စခန်းနဲ့ ရေဦး မူးမြစ်ကူးတံတား အရှေ့ထိပ် အင်းပတ်ကွေ့ အထိုင်ချစခန်းတွေကို နိုဝင်ဘာ ၁၀ ရက် ညက စွန့်ခွာထွက်ပြေးသွားတယ်လို့ ခင်ဦးမြို့နယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

အင်းပတ်ကွေ့မှာ အထိုင်ချ တပ်စွဲထားတဲ့ ဘန်ကာ ၁၁ လုံးနဲ့ ရွာသစ်ကုန်းကျေးရွာမှာ အခြေချထားတဲ့ ဘန်ကာ၊ ကတုတ်ကျင်း၊ အဆောက်အဦ ၃၂ လုံး စွန့်ခွာပြီး အထိုင်နှစ်နေရာပေါင်း စကစ၊ ပျူ စုစုပေါင်း ၈၀ ကျော် ရေဦးမြို့ကို နိုဝင်ဘာ ၁၀ ရက် ညပိုင်းက တပ်ခေါက်သွားပြီး ရေဦးမြို့မှာ တပ်ပေါင်းခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အခုအခါ ခင်ဦးမြို့နယ်ပကဖ၊ တိုက်နယ် ၂ နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေရှင်းလင်းကာ ရေဦးမူးမြစ်ကူးတံတား အရှေ့ဘက်ကမ်းထိ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် ညကလည်း ခင်ဦး-ရေဦး ကားလမ်းဘေး မူးတိမ်ချောင်းတံတားဝန်းကျင်မှာ အထိုင်ချ တပ်စွဲထားတဲ့ အင်အား ၄၀ လောက်က ဘန်ကာ ၁၆ လုံးစွန့်ခွာပြီး ရေဦးမြို့ကို တပ်ပေါင်းခဲ့ပါတယ်။

ခင်ဦးမြို့နယ်မှာ မကျီးတုံ၊ မဒေါင်းလှ၊ ပျဥ်ထောင်၊ ရွာသစ်ကုန်း ရွာ ၄ ရွာနဲ့ မူးတိမ်ချောင်းတံတား၊ အင်းပတ်ကွေ့ စတဲ့နှစ်နေရာမှာ စစ်ကောင်စီတပ်စွဲထားခဲ့တာ ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

မူးတိမ်ချောင်းစခန်း၊ ရွာသစ်ကုန်းရွာစခန်းနဲ့ အင်းပတ်ကွေ့စခန်း သုံးခုလုံးကို စွန့်ခွာသွားတာကြောင့် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေသခံပြည်သူတချို့ နေရပ်ပြန်နိုင်ကြပြီး ၂ နှစ်ကျော် စိုက်ပျိုးမလုပ်ကိုင်ရတဲ့ လယ်ယာမြေတွေ လုပ်ကိုင်နိုင်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းရွာအနီးမှာ နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းက ဗန်းမောက်မြို့ နယ်မြေခံ PDF တပ်ရင်းနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရာရှိ ၂ ဦး အပါအဝင် တပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရှမ်းနီလက်နက်ကိုင် SNA စခန်းတခုကိုလည်း သိမ်းပိုက်ခဲ့ကာ လက်နက်ခဲယမ်း အမြောက်အမြားနဲ့ SNA ကို လက်နက်ထောက်ပံ့ထားတဲ့ စာရင်းစာအုပ်ပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ Banmauk Revolution-BR အဖွဲ့က ထုတ်ပြန်ပါတယ်။

BR TEAM အဖွဲ့ တာဝန်ရှိသူက “၁၁ ရက်နေ့တိုက်ပွဲမှာ ရန်သူ စစ်တပ်ဘက်က အရာရှိ ၂ ယောက်နဲ့ တပ်သား ၈ ယောက်သေပြီး အများအပြား ဒဏ်ရာရသွားတယ်။ ၁၀ ရက်နေ့ကလည်း ဗန်းမောက် အနောက်တောရွာနားက SNA စခန်းတခုကို PDF တပ်ရင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ AK-47 ၃ လက်၊ ၆၀-မမ ၁ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်။ အ​ကြမ်းဖက်စစ်တပ်က SNA (ရှမ်းနီလက်နက်ကိုင်) အဖွဲ့ကို ထောက်ပံ့ထားတဲ့ လက်နက်စာရင်းစာအုပ်ပါ ရခဲ့တယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ တိုက်ပွဲမှာ MA အမျိုးအစား သေနတ် ၆ လက်၊ 5.56 ကျည် ၆၂၆ တောင့် ငါးကြင်းမြီးကျည် ၁၀ တောင့်၊ ၉-မမ ကျည် ၁၂ တောင့်၊ MA ကျည်ဘောက် ၂၀ ခု၊ MA-2 ကျည်ဘောက် ၁ ခု၊ ၄၀-မမ ကျည် ၁၈ လုံး၊ အိုင်ကွန် (I con) စကားပြောစက် ၆ လုံး၊ အင်ကွပ်(ကျည်ကာအင်္ကျီ) ၃ ထည်၊ အင်ကွန်(ခါးပတ်) ၅ ခု၊ ဘေးလွယ်အိတ် ၄ ခုနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗန်းမောက်မြို့မှာ အကြမ်းဖက်စစ်တပ် တပ်မ-၇၇၊ လက်အောက်ခံ ခမရ-၈ တို့ တပ်စွဲထားပြီး မြို့အတွင်းမှာ SNA နဲ့ ပျူစောထီးတွေ ဝင်ရောက်နေထိုင်ထားကြတယ်လို့ ဒေသခံကတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ၆၀၀၆- အမြောက်တပ်ရင်းကို Kanbalu Underground Warriors အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာ ၁၀ ရက် မနက် ၁၁ နာရီလောက်မှာ ၁၀၇-မမ အဝေးပစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သလို ၁၁ ရက်နေ့ မနက် ၁၀ နာရီမှာ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ကန့်ဘလူက ပျူစောထီး ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က ထုတ်ပြန်ပြောဆိုပါတယ်။

Kanbalu Underground Warriors အဖွဲ့ ရဲဘော်တွေနဲ့ ပူးပေါင်းရဲဘော်တွေကို စခန်းသိမ်း တော်လှန်ရေးအဖွဲ့က စစ်ကူ၊ စစ်လှုပ် ပြုခိုင်းတာကြောင့် ၁၁ ရက်‌နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ကန့်ဘလူ ၆၀၀၆- အမြောက်တပ်ရင်းကို ပစ်မှတ်ထားပြီး ၁၀၇-မမ ရှော့ဒုံးတွေနဲ့ ထပ်မံပစ်ခတ်တာမှာ စ(---) နဲ့ ပျူ(--)တွေ စုထားတဲ့ ကန့်ဘလူ ၆၀၀၆ တပ်ရင်းနားက ဘောလုံးကွင်းအနီးကျပြီး အကြမ်းဖက်စစ်သားတွေနဲ့ ပျူတွေ  ထွက်ပြေးကြတယ်လို့ အတိအကျ သိရပါတယ်။

အဆိုပါပစ်ခတ်မှုမှာ ထိခိုက်သေတာ ရှိ မရှိကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ၆၀၀၆- အမြောက်တပ်ရင်းဟာ ပြည်သူတွေနေထိုင်တဲ့ ပတ်ဝန်းကျင်ရှိ ရွာတွေကို ဟောင်ဝစ်ဇာ အမြောက်လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်နေလို့ ပြန်လည်တိုက်ခိုက်တာ ဖြစ်တယ်လို့ Kanbalu Underground Warriors အဖွဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013