DVB Logo
Home
မြန်မာသတင်း
တပြည်လုံးအပစ်ရပ်ရေး မူဝါဒကို ဦးစားပေးဆွေးနွေး
DVB
·
August 15, 2014
တပြည်လုံးအပစ်ရပ်ရေး မူဝါဒကို ဦးစားပေးဆွေးနွေး
1 / 16
Donate to DVB

တပြည်လုံး အပစ်ရပ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဖက်ဒရယ်မူဝါဒပိုင်းဆိုင်ရာကိစ္စကို ဦးစားပေးဆွေးနွေးမယ်လို့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

ဝေါဟာရ စကားလုံးထက် အရေးကြီးတဲ့မူပိုင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်တွေကို ရွေးထုတ်ဆွေးနွေးဖို့ လိုမယ်လို့ ဒီနေ့ ကျင်းပတဲ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ သူက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက “အခြေခံ အချက်အလက်တွေအနေနဲ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီအချက်ဟာ အရေးကြီးပြီး အဓိကအကျဆုံး ဦးစားပေးဖြေရှင်းရမယ့် အချက်ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမူနဲ့ ကိုက်ညီတဲ့ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး ဒီအချက်ဟာလည်း ဖက်ဒရယ်ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့ မရှိမဖြစ် လိုအပ်တဲ့အချက်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

“အဲဒီအရေးကြီးတဲ့ အချက်အလက်တွေအပေါ် သဘောတူညီမှု ရပြီးရင် ကျန်တဲ့အပိုင်းတွေကို ညှိနှိုင်းချမှတ်ဖို့ ခက်တော့မှာမဟုတ်ပါဘူး” လို့လည်း နိုင်ငံသာက ဆိုပါတယ်။

အခြေခံမူပိုင်းဆိုင်ရာကိစ္စအပြင် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ၊ ကြားကာလ အစီအစဉ်၊ အတည်ပြုခြင်း၊ အာဏာတည်ခြင်း၊ စာချုပ်လက်မှတ်ရေးထိုးခြင်း၊ အသိသက်သေ လက်မှတ်ထိုးခြင်းတွေနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ သူက ပြောပါတယ်။

နှစ်ဘက်အကြား အပစ်ရပ်စဲရေး သဘောတူညီချက် ဒုတိယမူကြမ်း ရထားပြီး ကျန်ရှိတဲ့ ၃၁ ချက်ကို ဒီကနေ့နဲ့ မနက်ဖြန် ဆက်တိုက်ဆွေးနွေးမှာဖြစ်ပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်းက သမ္မတက မူဝါဒတွေ ထပ်မံချပေးလိုက်တယ်လို့ အဖွင့်မိန့်ခွန်းမှာ ပြောဆိုပြီး အသေးစိတ်တော့ မပြောပါဘူး။

ဦးအောင်မင်းက “မနေ့က နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီ အစည်းအဝေးကနေ ကျနော်တို့ လုပ်ငန်းကော်မတီအတွက် မူဝါဒတွေ ထပ်မံချပေးလိုက်တာရှိပါတယ်။ လုပ်ငန်းကော်မတီအနေနဲ့ ဆောင်ရွက်နိုင်တဲ့ မူဘောင်အတွင်းမှ အကောင်းဆုံးဆောင်ရွက်သွားနိုင်ဖို့ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်ကြပေမယ့် နှစ်ဘက်စလုံးမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့လည်း သူက ပြောဆိုပါတယ်။

နှစ်ပေါင်း ၆၀ ကျော် လက်နက်စွဲကိုင်တော်လှန်တိုက်ခိုက်နေကြတာဖြစ်ပြီး လက်ရှိ အစိုးရလက်ထက်မှာ တပြည်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဘက်နှစ်ဘက်က ကိုယ်စားလှယ် ၉ ဦးစီနဲ့ ရေးဆွဲတဲ့အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမတိုင်မီရက်ပိုင်းမှာ အစိုးရဘက်က နိုင်ငံရေးပါတီအားလုံးကို ငြိမ်းချမ်းရေးဖြစ်စဉ် ရှင်းလင်းခဲ့ပြီး နိုင်ငံရေးမူဘောင် ရေးဆွဲရေးမှာ တာဝန်ခံမှုနဲ့ပါဝင်ကြဖို့ ကမ်းလှမ်းခဲ့သလို ၂၀၁၅ ခုနှစ်ဆန်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
[gallery ids="62479,62480,62481,62482,62483,62484,62485,62486,62487,62488,62489,62490,62491,62492,62493,62494"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013